လှည်းကူး ၁၁ မေ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဆားတလင်း-ဒါးပိန်လမ်း မိုင်တိုင်အမှတ်(၆)ဖာလုံ အရောက်တွင် မေ ၁၀ ရက် မွန်းလွဲ ၃ နာရီခန့်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ယာဉ်တိုက်မှုမှာ ဆားတလင်းဘက်မှ ဒါးပိန်ဘက်(အနောက်မှအရှေ့)သို့ ယာဉ်မောင်း ပေါက်ကြီး (ခ) နိုင်ဝင်း(၃၆)နှစ် ရှမ်းတဲကြီးအထက်ကျေးရွာ လှည်းကူးမြို့နယ်နေသူ မောင်းနှင်လာသည့် 3C/-----DONG FENE အပြာရောင်ယာဉ်သည် ဆားတလင်းဘက်မှ ဒါးပိန်ဘက်သို့ သွားသည့်လမ်း မိုင်တိုင်အမှတ် (၆)ဖာလုံအရောက်တွင် ၎င်း၏ယာဉ်ရှေ့တွင် မောင်းနှင်နေသော ဆိုင်ကယ်တစ်စီးအား ကျော်တက်ရာ ဒါးပိန်ဘက်မှ ဆားတလင်းဘက် (အရှေ့မှအနောက်)သို့ မျက်နှာချင်းဆိုင်ယာဉ်ကြောမှ ဇော်ဖုန်း(၃၆)နှစ် ဆားတလင်းကျေးရွာ လှည်းကူးမြို့နယ်နေသူ မောင်းနှင်လာသော 9P/----- CHCNG LONG အဝါရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း(၂)ဦးလုံးတွင် ဒဏ်ရာများရရှိခဲ့ခြင်း မရှိသော်လည်း 9P/----- CHCNGLONG အဝါရောင် ယာဉ်နောက်လိုက်ဖြစ်သူ ရန်အောင်စိုး (၃၁)နှစ် ဆားတလင်းကျေးရွာ လှည်းကူးမြို့နယ်နေသူတွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ ဒါးပိန်တိုက်နယ်ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ပေါက်ကြီး(ခ)နိုင်ဝင်းအား ဒါးပိန်နယ်မြေရဲစခန်းက အရေးယူထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)