မန္တလေး ၂၉ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်၍ စီးနင်းသွားလာမှုများအား ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှစတင်ပြီး စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ 

၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ -၆၅ အရ မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်၍ စီးနင်းပါက ငွေကျပ် ၃၀ဝ၀ဝ ထက်မပိုသော ဒဏ်ငွေချမှတ်နိုင်ပြီး တရားမဝင်သည့် ဒေသန္တရလုပ် ဘေးတွဲ၊ နောက်တွဲများ တပ်ဆင်ထားသော မော်တော်ဆိုင်ကယ်မှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ဖြစ်ပါက ပို့ကုန်၊သွင်းကုန်ဥပဒေအရ အမှုဖွင့်အရေးယူ ခြင်း၊ တရားမဝင် တပ်ဆင်ထားသော ဒေသန္တရလုပ် ဘေးတွဲ၊ နောက်တွဲများအား ဖြုတ်သိမ်းခြင်းတို့ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။  

မန္တလေးမြို့တွင် ဆိုက်ကားများအစား ဆိုက်ကားနင်းသူများက ဆိုင်ကယ်အဟောင်းများဝယ်ယူကာ ဘေးတွဲများတပ်ဆင်၍ ကုန်ပစ္စည်းသယ်ဆောင်ခြင်း၊ ပရိဘောဂများပို့ဆောင်ခြင်း၊ ခရီးသည်ပို့ ဆောင်ခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။  

မောင်ပြည်သူ(မန္တလေး)