လှည်းကူး ၅ မတ်
လှည်းကူးမြို့နယ် ရဲမွန်တပ်ထိပ်ရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ မြင့်ဌေးအား ယမန်နေ့ ညနေ ၃ နာရီခန့်က အမည်မသိ၊ အသက် (၃၀)ခန့်ရှိ အမျိုးသား (၂)ဦးမှ ကြာကန် လမ်းဆုံသို့ လိုက်ပို့ရန် ကယ်ရီငှားခဲ့သဖြင့် လိုက်ပို့ပေးခဲ့ရာ ရဲမွန်တပ်မြို့ပတ်လမ်း၊ မန်ကျည်းကန်ကွက်သစ် လမ်းချိုးအရောက်တွင် ၎င်းအမျိုးသား (၂)ဦးက ချွန်ထက်သောအရာဖြင့် ၎င်း၏ကျောပြင်အား ထိုးခဲ့ပြီး ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ ရရှိသောဒဏ်ရာများကြောင့် ၎င်းအား လှည်းကူးဆေးရုံမှတစ်ဆင့် အင်းစိန်ဆေးရုံသို့ အတွင်းလူနာ (မစိုးရိမ်ရ) ဖြင့် လွှဲပြောင်းကုခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုယူသွားသူ အမည်မသိအမျိုးသား (၂)ဦးအား ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒရယ်ဘိုတိုးဂိတ်တွင် ယာဉ်ပိတ်ဆို့ဆောင်ရွက်နေသော မြို့မရဲစခန်းမှူး၊ ဒုရဲမှူး မောင်မောင်ဦးနှင့် နယ်ထိန်းအဖွဲ့မှ ၎င်းတို့ထွက်ပြေးသွားရာ လမ်းတစ်လျောက် လိုက်လံစုံစမ်းဖမ်းဆီးခဲ့သည်။
ယင်းသို့ စုံစမ်းဖမ်းဆီးခဲ့ရာတွင် ညနေ ၅ နာရီ ၁၀ မိနစ်အ၌ ဆိုင်ကယ်လုယူသွားသူ မင်းမင်းကျော် (၁၉) နှစ် (ဘ) ဦးအောင်ကျော်သည် ဆိုင်ကယ်အား ပဲခူးမြို့၊ ဥဿာသီရိ (၇)လမ်းရှိ ဦးဝင်ကို ဆိုင်ကယ်ပြင်ဆိုင်တွင် ရောင်းချနေစဉ် သက်သေခံဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မင်းမင်းကျော် (၁၉) နှစ်နှင့်အတူ ရဲဝင်း (လိပ်စာစိစစ်ဆဲ)မှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ရဲဝင်းအား ထပ်မံဖမ်းဆီးရမိရေး လှည်းကူးမြို့မ ရဲစခန်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)