ရန်ကုန် ၃၀ နိုဝင်ဘာ
ကမ္ဘာတစ်ပတ် မြန်မာဆိုင်ကယ်သမားနှစ်ဉီးဖြစ်သည့် ကိုအောင်ကျော်ဝင်းနှင့် စိုင်းဇွမ်ဖ တို့သည် နိုဝင်ဘာ ၃၀ ရက် ယနေ့ ည ၇ နာရီတိတိတွင် ပြည်သူ့ရင်ပြင်ရှေ့သို့ ရောက်ရှိလာရာ ကြိုဆိုနှုတ်ဆက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ကမ္ဘာပတ်မြန်မာဆိုင်ကယ်စီးနင်းသူနှစ်ဉီးသည် ပြီးခဲ့သည့်မေလ ၂၆ ရက်က ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ရာ နိုင်ငံ ၄၅ နိုင်ငံသို့ လည်ပတ်ကာပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
"ဒီနေ့ကတော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပါတယ်။ ဝမ်းလည်းသာပါတယ်။ မြန်မာနိုင်ငံသားအနေနဲ့ ကမ္ဘာပတ်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်"ဟု စိုင်းဇွမ်ဖက ပြောသည်။
မြန်မာဆိုင်ကယ်သမားနှစ်ဉီးသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ဆိုင်ကယ်စီး၍ ကမ္ဘာပတ်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်ဒီခရီးစဉ်ကို ၂၀၂၀ မှ သွားဖို့စီစဉ် ခဲ့ပေမယ့် ရှေ့ကိုတစ်နှစ်တိုးပြီး ဆောင်ရွက်ခဲ့တာပါ။ ဒီခရီးစဉ်ကို အောင်မြင်ဖို့ ငွေအား ကျွမ်းကျင်မှု စိတ်အားထက်သန်မှု လုံးလဝီရိယများ ပေါင်းစပ်ပြီးကြိုးစားခဲ့ရပါတယ်။ ဒီလိုဆိုင်ကယ်ကြီးတွေနဲ့ကမ္ဘာပတ်တာ နောက်ဘယ်လောက်ကြာမှ ပြန်စနိုင်မယ်မသိပါဘူး။ ဒါနောက်ဆုံးလည်းဖြစ်နိုင်ပါတယ်"ဟု ကိုအောင်ကျော်ဝင်းက ပြောသည်။
ဆိုင်ကယ်သမားနှစ်ဉီးသည် မြန်မာနိုင်ငံကိုကမ္ဘာမှသိစေရန်အတွက် အချိန်အားဖြင့် ၆ လကြာ ဆိုင်ကယ်ပေါ်တွင် အချိန်ကုန်ခဲ့ရသည်။ ဆိုင်ကယ်သမားများသည် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့ ဘက်မှထွက်ခွာပြီး အိန္ဒိယနိုင်ငံ တမူးဘက်မှပြန်ဝင်လာခြင်းဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဉီးဘတုတ်နှင့် ဒေါ်တင်တင်စိန်တို့သည် လန်ဒန်သို့ ဆိုင်ကယ်စီး ကမ္ဘာပတ်ခဲ့ပြီးနောက် ယခုပထမဆုံးအကြိမ် မြန်မာနိုင်ငံသားနှစ်ဉီးက ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့ခြင်းဖြစ်သည်။
ခရီးစတင်ရာ ရန်ကုန်မြို့မှ ကီလိုမီတာ (၅၅၀၀၀)အထိ သွားရောက်ခဲ့ပြီး ၆လကြာသွားလာခဲ့ရာ ယခုအခါတွင် အောင်မြင်စွာရောက်ရှိလာခြင်းဖြစ်သည်။ ယင်းခရီးစဉ်ကို MPRL E& P Pte Ltd. မိတ်ဖက်ကုမ္ပဏီများက ပူးပေါင်းပါဝင်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - အာကာစိုး