နေပြည်တော် ၂၆ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်နေ မခင်စန္ဒာလင်း (၂၄)နှစ်သည် လမ်း ၃၀၊ ၆၅×၆၆ လမ်းကြား၌ ဖွင့်လှစ်ထားသော Climax Gym ဆိုင်သို့ ၎င်းပိုင် ၆၃ယ/××× Click ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဆိုင်ကယ်အား ဆိုင်ရှေ့တွင် ဇာတ်သော့ခတ်၍ ရပ်ထားခဲ့ကာ Gym ဝင်ရောက်ဆော့ကစားနေခဲ့ကြောင်း၊ ထို့နောက် နေအိမ်သို့ပြန်ရန် ဆိုင်ကယ်အား သွားရောက်ကြည့်ရှုရာ ပျောက်ဆုံးနေသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၁၂၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။
စစ်ဆေးဆောင်ရွက်ချက်အရ ပျောက်ဆုံးသွားသည့်ဆိုင်ကယ်မှာ GPS တပ်ဆင်ထားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောတိုးဂိတ် စစ်ကိုင်းမှ ရွှေဘိုလမ်းဘက်သို့ မောင်းနှင်ရောက်ရှိနေကြောင်း သိရှိရသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဆားတောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အဆိုပါဆိုင်ကယ်နှင့်အတူ ရွှေဘိုမြို့၊ ဒိုဘီတန်းရပ်နေ ဇင်မျိုးထွန်း (ခ) အပုလေး (၃၈)နှစ်အား ဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအားအမှုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN