နေပြည်တော် ၁၀ ဩဂုတ်
မြန်မာနိုင်ငံ၏ သတင်းအချက်လက်နှင့် ဆက်သွယ်ရေးစနစ်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ စတင်သည်မှ တစ်ခေတ်ဆန်းသစ်ကာ အလျင်အမြန် ပြောင်းလဲတိုးတက်လာခဲ့သည်။ ယခုအခါ မြန်မာပိုင်သည့်ဂြိုဟ်တုကို စတင်လွှတ်တင်လိုက်နိုင်ပြီ ဖြစ်၍ အနာဂတ် မြန်မာ့သတင်း အချက်အလက်၊ ဆက်သွယ်ရေးစနစ်သည် ယခုထက် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်သည်။
Myanmar Sat-2 ဟုခေါ်ဆိုသည့် Intelsat 39ကို ဒေသ စံတော်ချိန် သြဂုတ် ၆ ရက် ညနေ ၄ နာရီခွဲ၊ မြန်မာစံတော်ချိန် သြဂုတ်၇ ရက် နံနက် ၂ နာရီ၌ တောင်အမေရိကတိုက် မြောက်အတ္တလန္တိတ်ကမ်းခြေရှိ ပြင်သစ်ဂီယာနာအာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းမှ အောင်မြင်စွာလွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုကို Ariane 5 ECA ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးပျံတွင် မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုနှင့် EDRS-C ဂြိုဟ်တု နှစ်လုံးပါဝင်ကြောင်း သိရသည်။
Myanmar Sat-2 ဂြိုဟ်တုတည်ဆောက်နိုင်ရေးအတွက် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနှင့် Intelsat ကုမ္ပဏီတို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်တွင် သဘောတူလက်မှတ်ရေးထိုး၍ မာဇာနည်းပညာကုမ္ပဏီက ၅၂ စင်းမြောက် ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်ဖြစ်သည်။
ယခုလက်ရှိ ဆက်သွယ်ရေးစနစ်ကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် ခွဲဝေ ငှားရမ်းသုံးစွဲနေခြင်းဖြစ်ပြီး တစ်နှစ်လျှင် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၁၀ သန်း ကုန်ကျခဲ့သည်။ ယခုစနစ်တွင် နောက်ဆုံးပေါ် နည်းပညာအသုံးပြုထားပြီး ယခင် Myanmar Sat-1 ထက် ၈ ဆမှ ၁၀ ဆ အထိပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့်သည့် ဆက်သွယ်မှုများ၊ ဖမ်းယူမှုအား ပိုမိုရရှိသည့်အတွက် မိုလ်ဘိုင်း 3G၊ 4G၊ အင်တာနက်နှင့် အခြားဆက်သွယ်ရေးများတွင် မြန်နှုန်းပိုမိုရရှိလာမည်ဖြစ်သည်။
ယင်းကို အသုံးပြုနိုင်သဖြင့် ပြည်သူအများ ပိုမိုကောင်းမွန်သည့် ဆက်သွယ်မှုကို ရရှိစေမည်ဖြစ်သည်။ ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများအတွက် e-Government လုပ်ငန်းများလုပ်ဆောင်ရာတွင်သာမက ကဏ္ဍပေါင်းစုံတို့တွင် တွင်ကျယ်စွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ယင်းဂြိုဟ်တုတွင် မြန်မာပိုင်သည့်အပိုင်းကို Myanmar Sat-2 ဟု အမည်တပ်ခွင့် ရခဲ့သဖြင့် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ဖြစ်သလို မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကိုလည်း တစ်ခေတ်ဆန်းသစ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မကြာမီကာလတွင် စတင်အသက်ဝင်တော့မည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍသစ်သည် ပြည်သူလူထု လိုလားတောင့်တမျှော်လင့်သည့် မြန်နှုန်းမြင့် ဝန်ဆောင်မှု ပေးစွမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာတို့၏ လူမှုစီးပွားဘဝ နယ်ပယ်ကဏ္ဍ အသီးသီးတွင် အကျိုးရလဒ်ကောင်းများကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်း။ ။
ကြေးမုံ