ကျောင်းကုန်း  ၁  မေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာရှိ MYTEL ဆက်သွယ်ရေးတာဝါတိုင်မှ မီးစက်ဆီများ ယနေ့ နံနက် ၄ နာရီခန့်က ခိုးယူခံရမှုဖြစ်ပွားရာ တရားခံသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးကောင်းဆက်ဝင်းနု (MYTEL ဆက်သွယ်ရေးအင်ဂျင်နီယာ)သည် ၄င်းတာဝန်ယူ ကြီးကြပ်နေသော ကောက်ကြီးကုန်း ကျေးရွာရှိ MYTEL တာဝါတိုင်အမှတ် (AYY 0488)မှ မီးစက်ဆီများ လျော့နည်းနေကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တာဝါတိုင်အမှတ် (AYY 0488)အနီးတွင် 2K/---- အဖြူရောင်ကားတစ်စီး ရပ်ထားပြီး ကားပေါ်တွင် ပရီမီယမ်လောင်စာဆီများ ထည့်ထားသော ကော်ပုံးများနှင့် ဆက်သွယ်ရေး တာဝါတိုင် မီးစက်အင်ဂျင်ဆီကန်အတွင်းမှ ပြင်ပကော်ပုံးများထဲသို့ ပရီမီယမ်ဆီများ ထုတ်ယူနေသော မှော်ဘီမြို့နေ တရားခံသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသဖြင့် ကျောင်းကုန်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)