နေပြည်တော် ၁၇ ဇန်နဝါရီ
နိုင်ငံအတွင်း လမ်းတံတားများ တည်ဆောက် ဖောက်လုပ်ပေးခဲ့သည်မှာ ဆက်သွယ် သွားလာမှု လွယ်ကူရေးအတွက် လုပ်ရိုးလုပ်စဉ် လုပ်ငန်းများ ဖြစ်သည်။ သို့သော် သွားလာမှု ခက်ခဲပြီး ဝေးလံခေါင်သီသည့် ဒေသတွင် လမ်းတံတားများ တည်ဆောက် ဖောက်လုပ်ပေးနိုင်မည်ဆိုပါက ထူးခြားသည့် လုပ်ငန်းဖြစ်သည့်အပြင် အဆိုပါ ဒေသအတွက် တန်ဖိုးကြီးမား အကျိုးများမည်ဖြစ်သည်။
တစ်ချိန်သောကာလက နိုင်ငံအတွင်း လမ်းတံတားများကို လက်ယှက်ထိုး ဖောက်လုပ်ပေးခဲ့သည်။ အများအားဖြင့် မြေပြန့်ဒေသများတွင် တည်ဆောက် ဖောက်လုပ်ပေးခဲ့ပြီး သွားလာမှု အဆင်ပြေ လွယ်ကူခဲ့သည်။ သို့သော် သွားလာမှု ခက်ခဲသည့် တောင်ပေါ်ဒေသများတွင် လိုအပ်ချက်များ ရှိနေခဲ့သည်။ လမ်းတံတား လိုအပ်ချက်များရှိ၍ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ လူမှုစီးပွား ကွာဟချက်များ ရှိသည်။ တိုင်းရင်းသား ပြည်သူများအတွက် လိုအပ်ချက်မှာ တောင်ပေါ်မြေပြန့် တစ်ပြေးညီအတူတကွ ဖွံ့ဖြိုးတိုးတက်လာရေးဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက တောင်ပေါ်ဒေသတွင် လမ်းတံတားများ တည်ဆောက်ဖောက်လုပ် ဖွင့်လှစ်ပေးခဲ့သည်ကို မြင်တွေ့ရသဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင်အထက်ပိုင်း နောင်မွန်းဒေသတွင် ပေ ၅၀ဝ အရှည်ရှိသည့် ရပ်ဘော့တံတား (နောင်မွန်း) ကို နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ အရပ်သားအစိုးရ လက်ထက် ၂၀၁၈ ခုနှစ်အစတွင် မြန်မာပြည်မြောက်ပိုင်း အစွန်ဆုံး အရပ်၌ ပထမဆုံးဖွင့်လှစ်ပေးသော တံတားဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်။
ယမန်နှစ် မတ်လကလည်း ကချင်ပြည်နယ်မြောက်ပိုင်း မချမ်းဘော့ ဒေသတွင် မလိခတံတား (မချမ်းဘော့) ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။
အရပ်သားအစိုးရလက်ထက် ယခုဘဏ္ဍာရေးနှစ်တွင် ရပ်ဘော့တံတား (နောင်မွန်း) အပါအဝင် ပေ ၁၈၀ နှင့်အထက် တံတားငါးစင်း တည်ဆောက်လျက်ရှိပြီး အဆိုပါ တံတားကြီးများ မကြာမီ တည်ဆောက် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။ သွားလာရခက်ခဲသော ကချင်ပြည်နယ်အတွင်းမှ ဒေသများအတွက် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေတော့မည်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနားမှ ပူတာအိုသို့ မိုင် ၂၀ဝ ကျော် ခရီးသွားရသည်။ ယခုအခါ အဆိုပါလမ်းကိုလည်း အဆင့်မြှင့်တင် ဖောက်လုပ် ပေးနိုင်ခဲ့သည်။ ပူတာအိုခရိုင်အတွင်း မြောက်ပိုင်းတွင်မူ သွားလာရေး မလွယ်ကူခဲ့ချေ။ ယခုဤသို့ မဟုတ်တော့ပြီ။ ပူတာအို-မချမ်းဘော့နောင်မွန်း လမ်းသည် ၇၃ မိုင်ကျော် ရှည်လျားသည်။ ယခင်က မချမ်းဘော့မှ နောင်မွန်းသို့ပင် မော်တော်ယာဉ်ဖြင့် ၁၂ နာရီခန့်ခရီး သွားလာရသည်။ မချမ်းဘော့နှင့် နောင်မွန်းကြားတွင် ချောင်းကူး ကြိုးတံတားများ ရှိပြီး ဆိုင်ကယ်နှင့်လူသာ သွားလာနိုင်သည်။
ယခုအခါ မချမ်းဘော့မှ နောင်မွန်းသို့ မော်တော်ယာဉ်ဖြင့် လေးနာရီခရီး သွားလာနိုင်ပြီး ပူတာအိုမှ နောင်မွန်းသို့ နေ့ချင်းပြန် သွားလာ၍ရသည်အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်။ ထို့အပြင် ပူတာအိုမှ ခေါင်လန်ဖူးသို့ ယခင်က ၁၂ နာရီကြာ ခရီးသွားရပြီး ယခုအခါ နေ့ချင်းပြန် သွားလာနိုင်သည်အထိ ခရီးပေါက်နေပြီဖြစ်သည်။
နိုင်ငံတော်အစိုးရက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားများကို ဆက်လက်တည်ဆောက် ဖောက်လုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ လမ်း ၆၀ တွင် လမ်းမိုင် ၂၃၈၃ မိုင် ခြောက်ဖာလုံ ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ ၁၈၀ နှင့် အထက် တံတားကြီး ၄၉ စင်း တည်ဆောက်ပေးထားပြီးဖြစ်သည်။ ကချင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် ပြည်ထောင်စု၏ မိသားစုဝင်များဖြစ်၍ တန်းတူညီမျှ ဖြည့်ဆည်းပေးရမည် သာဖြစ်သည်။
နိုင်ငံအတွင်း တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရန် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်သည့်အပြင် ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလည်း လိုအပ်သည်။ ကချင်ပြည်နယ်မှာ ရေမြေသဘာဝကောင်းမွန်ပြီး သာယာလှပသည့် ဒေသဖြစ်သည်။ ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသနေပြည်သူများသည် ဝေးလံခေါင်သီသည့် ဒေသတွင် နေထိုင်ရသော်လည်း မိမိဒေသနှင့်မိမိတို့၏ ယဉ်ကျေးမှုကို ခုံမင်တွယ်တာ မြတ်နိုး ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်မှာ ဂုဏ်ယူဖွယ်ကောင်းလှသည်။
သို့ဖြစ်ရာ ဂုဏ်ယူမြတ်နိုးဖွယ်ကောင်းသည့် တိုင်းရင်းသား ပြည်သူများအတွက် မိသားစုသဖွယ် ဤသို့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင့်အတူ မိမိဒေသ၊ မိမိလူမျိုး ဂုဏ်ဒြပ်များကို ဆက်လက်ဝိုင်းဝန်း ထိန်းသိမ်းသွားကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
ကြေးမုံ