၂၃ အောက်တိုဘာ
ဆလိုဗေးနီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံသူ များလာတဲ့အတွက် အသွားအလာ ကန့်သတ်မှု partial lockdown ကို လာမယ့် စနေနေ့ကစပြီး သီတင်းတစ်ပတ် ပြဋ္ဌာန်းလိုက်ကြောင်း ကြာသပတေးနေ့က ရုပ်မြင်သံကြား ကနေ ပြောကြားလိုက်ပါတယ်။
ရောဂါပိုး ထိန်းချုပ်ရေး စည်းမျဉ်းအရ ရှောပင်းစင်တာ နဲ့ ရှောပင်းမောတွေ အားလုံး ပိတ်ထားရန်၊ စားသောက်ဆိုင်နဲ့ ဟိုတယ်များ ပိတ်ထားရန်နဲ့ အရေးကြီး ပစ္စည်းမဟုတ်တဲ့ ပစ္စည်းအရောင်းဆိုင်တွေပါ ပိတ်ထားရန် လိုအပ်ကြောင်း ပြောပါတယ်။
အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို သုံးပုံတစ်ပုံအထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီ ပိုင်ရှင်တွေကိုလည်း အလုပ်သမားတွေအား နေအိမ်ကနေ အလုပ်လုပ်ရန် တွန်းအားပေးသင့်ကြောင်း ပြောပါတယ်။
လူဦးရေ ၂ သန်းကျော်နေထိုင်တဲ့ ဆလိုဗေးနီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာ နှစ်ဆနီးပါး ဖြစ်လာခဲ့ပါတယ်။ ဆလိုဗေးနီးယား နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်းကနေ ရုန်းထွက်ခဲ့ပေမယ့် ဒုတိယလှိုင်းကို ရင်ဆိုင်ဖို့ ဖြစ်လာကြောင်း သိရပါတယ်။
ဒီသီတင်းပတ် အစောပိုင်းကစပြီး ကျောင်းအများစုကို အွန်လိုင်းကနေ သင်ကြားရေး အစီအစဉ် စတင်ခဲ့ပြီး ဖြစ်သလို ညမထွက်ရအမိန့် (ည ၉ နာရီမှ နံနက် ၆နာရီ) အထိ အမိန့် ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။
ဆလိုဗေးနီးယားနိုင်ငံမှာ ၂၄ နာရီအတွင်း ကြာသပတေးနေ့ ပိုးတွေ့သူ ၁,၆၆၃ ဦးနဲ့ သေဆုံးသူ ၉ ဦးရှိရာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၇,၆၄၆ ဦးနဲ့ သေဆုံးသူ ၂၁၁ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
