၁၂ ဇွန်

 

ဆလိုဗက်ကီးယားနိုင်ငံ မြောက်ပိုင်း Vrutky မြို့ စာသင်ကျောင်းတွင် ယမန်နေ့က ဓားကိုင်လူတစ်ဦးက တိုက်ခိုက်မှုဖြစ်ပွားရာ လက်ထောက်ကျောင်းအုပ်နှင့် ယင်းဓားကိုင်လူတို့ သေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။

 

ထိုမီဒီယာ၏ဖော်ပြချက်အရ လူတစ်ဦးသည် ဓားကိုင်ပြီး ကျောင်းသားများကို တိုက်ခိုက်နေသဖြင့်  တားဆီးရန် ကြိုးစားရာမှ လက်ထောက်ကျောင်းအုပ်မှာ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု  အမျိုးသား အလုပ်သမား စစ်ဆေးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ladislav Kerekes က ပြောကြားသည်။

 

နောက်ပိုင်းတွင် အဆိုပါ ဓားကိုင်တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။

 

ကျောင်းသားနှစ်ဦး၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဆရာတစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု တီရာ့ဇ် သတင်းဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရသည်။

 

မာတင်တက္ကသိုလ်ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူ ကာတာရီနာ ကာပတိုဗာ က ဆရာတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသည်ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။

 

ဆလိုဗက်ပြည်ထဲရေးဝန်ကြီး ရိုမင်က ထိုတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူများ အသက်အန္တရာယ် မရှိကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို