ဆလုံကျွန်း အပါအဝင် မြိတ်ကျွန်းစုများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များအား ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ၁ နိုဝင်ဘာ 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။


ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခင်မောင်ဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆလုံကျွန်းသည် ယခင်အဆက်ဆက်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက စိတ်ဝင်စား၍ စတင်အခြေပြု ဆောင်ရွက်ခဲ့သော ကျွန်းဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး အလားအလာရှိသော ကျွန်းတစ်ခုဖြစ်သည်ကို သုံးသပ်ရပါကြောင်း၊ သို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည်ကို သိရှိရပါ၍ လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲ များကို ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရန်အတွက် Feasibility Study ပြုလုပ်ဆောင်ရွက် သင့်ပါကြောင်း။


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဆလုံကျွန်းအပါအဝင် မြိတ်ကျွန်းစုများတွင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် အစီအစဉ်များကို ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအား စည်းရုံးညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆလုံကျွန်းတွင် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများအတွက် မြေဧရိယာကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲဆောင်ရွက်သောကြောင့် အဆိုပါကျွန်းပေါ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ထပ်မံအကောင်အထည်ဖော်ရန်အတွက် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရ အဖွဲ့ထံ အဆိုပြု တင်ပြသွားသင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ပုဂ္ဂလိက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ယခု ပွင့်လင်းရာသီတွင် Feasibility Study ပြုလုပ်ခြင်း၊ လုပ်ငန်းဆိုင်ရာ အကြံဉာဏ်ပေး ခြင်းများ ဆောင်ရွက်ပေးသွားနိုင်ပါကြောင်း ဖြေကြားသည်။


မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ပေါ်ရှိ အမှတ်(၁)နယ်မြေ၊ အမှတ် (၃)နယ်မြေ၊ အမှတ်(၅)နယ်မြေ၊ အမှတ်(၆)နယ်မြေအတွင်းရှိ ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်တို့ကို မြို့မြေစာရင်းဝင် မြေငှားဂရန် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ညောင်ဦးမြို့ မြေငှားဂရန် ရရှိရေးအတွက် မြို့မြေသတ်မှတ်စဉ်က တည်ရှိခဲ့သော မူလမြေအမျိုးအစားမှ မြို့မြေ အဖြစ် ပြောင်းလဲသတ်မှတ်ရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆောင်ရွက်ခြင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျမည့်အသုံးစရိတ် များကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေ စာရင်းတွင် တင်ပြတောင်းခံထားပါကြောင်းနှင့် အဆိုပါ ကိစ္စရပ်များ အဆင့်လိုက် ဆောင်ရွက်ပြီး ချိန်တွင် မြေငှားဂရန်ရရှိလိုသူမှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေငှားဂရန်များ လျှောက်ထား ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်ဆွေနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)မှ ဦးလင်းတင်ဌေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) (ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ) ဦးကျော်ထွေးက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာတွင် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၅ဖြင့် ၂၀၁၂ခုနှစ် မတ်လ ၂၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်လည်းကောင်း၊ အလုပ်သမားနှင့် အလုပ်ရှင်အကြား ဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန် ပြည်ထောင်စုလွှတ်တော် သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်ဟု နိဒါန်းတွင် ဖော်ပြထားပါကြောင်း။


၂၀၁၄ခုနှစ် စက်တင်ဘာ ၃၀ရက်တွင် ပြင်ဆင်သည့်ဥပဒေ ထပ်မံပြဋ္ဌာန်းပြီး မူလဥပဒေ၏ စကားရပ် ၄ခု၊ ဥပဒေပုဒ်မ ၃ခု ဖြည့်စွက်ခဲ့ပါကြောင်း၊ သို့သော် အမှန်တကယ် ကျင့်သုံးသည့်အခါတွင် နိဒါန်းပါမျှော်မှန်းချက်များ ပြည့်မှီအောင် အကောင်အထည်ဖော်ရန် လိုအပ်ချက်များ ရှိနေသေးသည်ကို အလုပ်သမားများ၏ နစ်နာမှုတိုင်စာများ အရလည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့ အစည်းများ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ခုံကောင်စီဝင်လူကြီးအချို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများအရ ကော်မတီမှ တွေ့ရှိရပါကြောင်း။


ထို့ကြောင့် ဥပဒေကို လေ့လာသုံးသပ်ရာတွင် ဝေါဟာရများ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လိုအပ်ချက်များ ရှိခြင်း၊ အချို့ဝေါဟာရများ မလိုအပ်တော့ခြင်း၊ ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံကောင်စီဖွဲ့စည်းမှုပုံသဏ္ဍာန်နှင့် လုပ်ငန်းစဉ်တို့သည် လက်တွေ့ဖြေရှင်းရာတွင် ကိုယ်စားပြုမှုနှင့် အလုပ်သမားထု၏ ယုံကြည်မှုအားနည်းခြင်း၊ ဥပဒေနှင့်အညီ ပြစ်မှုပြစ်ဒဏ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မျှမျှတတနှင့် လက်တွေ့ကျကျ လိုက်နာနိုင်ရန်တို့အတွက် ပြင်ဆင်ရန် လိုအပ်သည်ဟု ကော်မတီမှ သုံးသပ်မိပါသဖြင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်ရန် မဖြစ်မနေ လိုအပ်နေပါသဖြင့် ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တင်သွင်းရခြင်း ဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများ တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဤဥပဒေကြမ်းအား တင်သွင်းရခြင်းဖြစ်ပါသဖြင့် အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းအဆိုနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးက ထောက်ခံသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လက်ခံဆွေး နွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော် မတီသို့ လွှဲအပ်ကြောင်း ကြေညာသည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နဝမနေ့ကို နိုဝင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 


အောင်ရဲသွင်