မြိတ် ၁၃ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီးရှိ ဆလုံ(မော်ကင်း)လူမျိုးများ၏ ရိုးရာဓလေ့နှင့် အစားအစာများကို ဖေဖော်ဝါရီလ (၁၂)ရက် ညပိုင်း၌ Myeik Seaview Mall တွင် ကျင်းပသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှု အကအလှဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတွင် ထည့်သွင်းပြသပေးခဲ့ကြောင်း သိရသည်။
“ အဓိကကတော့ ဆလုံ(မော်ကင်း)လူမျိုးတွေရဲ့ ရိုးရာဓလေ့ ဝတ်စားဆင်ယင်မှု အစားအစာတွေကို ပြည်သူလူထု သိရှိစေရန် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် FFI တို့ပူးပေါင်း၍ စီစဉ် ဖြစ်တာပါ။ မြိတ်မြို့မှာ ပထမဦးဆုံး ကျင်းပတာဖြစ်ပါတယ်။ ယခင်က မကြုံလက်ကျေးရွာမှာ မော်ကင်း ပြတိုက်ငယ် ကျင်းပတာတော့ ကြားဖူးပါတယ်။ ဆလုံလူမျိုးများကိုယ်တိုင် ရိုးရာကိုဖော်ထုတ်တာ တန င်္သာရီတိုင်းမှာ ပထမဆုံးဖြစ်ပါတယ်” ဟု FFI မှ ဒေါ်မူယာအေး က ပြောသည်။
ဆလုံ (မော်ကင်း)လူမျိုးများ၏ ရိုးရာဓလေ့ပြခန်းနှင့် အစားအစာများကို ဆလုံလူမျိုးများမှ ရိုးရာ ဝတ်စား ဆင်ယင်ကာ ပြသရောင်းချလျက်ရှိရာ ဈေးရောင်းပွဲတော်လာရောက်ကြသည့် ပြည်သူများ၊ နိုင်ငံခြားသားများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပြီး ဆလုံလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ နေထိုင်မှုပုံစံများကို မေးမြန်း ကြကြောင်း သိရသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှု အကအလှဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါပွဲတော်ကို မြိတ်ခရိုင် စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
ရိုးရာယဉ်ကျေးမှု အကအလှဖျော်ဖြေပွဲတွင် ပြည်ထောင်စုနေ့ညပိုင်း၌ ပြည်ထောင်စုတေး သီချင်းများဖြင့် ကျောင်းသား/သူများက တေးသရုပ်ဖော် ကပြဖျော်ဖြေခြင်း၊ ဆလုံလူမျိုးများ၏ ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ကျိတ်ကျိတ်တိုး စည်ကားခဲ့သည်။ ထို့အတူ ဗိုလ်ချုပ် မွေးနေ့ ညပိုင်းတွင်လည်း ပြည်ထောင်စု တေးသီချင်းများဖြင့် ကျောင်းသား/သူများက ဆက်လက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၆၅)ခန်းဖြင့် ပြသရောင်းချလျက်ရှိပြီး ၎င်းဆိုင်ခန်းများ တွင် ရိုးရာအစားအစာများ၊ ဒေသအစားအစာများ၊ တိုင်းရင်းသားဝတ်စုံများနှင့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ညအထိ ရောင်းချပေးလျက်ရှိသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)