ဆလုံတိုင်းရင်းသားလူမှုဘဝ

မနုဿဝင်းမော်

 

သက်မွေးဝမ်းကျောင်းလုပ်ငန်း

ဆလုံတိုင်းရင်းသားသွေးချင်းတို့၏ အဓိကအသက်မွေးဝမ်း ကျောင်းလုပ်ငန်းမှာ ပင်လယ်အတွင်း ငါးဖမ်းခြင်းနှင့် ရေငုပ်ခြင်းမှ ရရှိသော ရေထွက်ပစ္စည်းများကို ရောင်းချသောလုပ်ငန်းဖြစ်ပြီး ဆလုံတိုင်းရင်းသားတို့၏ အဓိကစီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။

 

အဓိကစီးပွား ရေးလုပ်ငန်းများဖြစ်

ဆလုံတိုင်းရင်းသားသွေးချင်းတို့သည် ပင်လယ်ထဲတွင် မွေးစ ကတည်းကပင် ကျင်လည်သူများဖြစ်သဖြင့် အသက်မွေးလမ်းကျောင်း လုပ်ငန်းအဖြစ် ငါးဖမ်းခြင်း၊  ပင်လယ်မျှော့ဖမ်းခြင်း၊ ခရင်းခွာခြင်း၊ စေတီခရုရှာခြင်း၊ ကမာငုပ်ခြင်း၊  ပင်လယ်ပက်ကျိရှာခြင်း၊ ငှက်သိုက် ရှာခြင်းတို့ကို လုပ်ကိုင်ကြပြီး ဆလုံတိုင်းရင်းသားတို့၏ အဓိကစီးပွား ရေးလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

 

ဆလုံတိုင်းရင်းသားတို့သည် ရေငုပ်သည့်အတတ်ပညာကိုလည်း ကျွမ်းကျင်ကြသည်ဖြစ်ရာ ပင်လယ်အနှံ့အပြား တစ်နေရာမှ တစ်နေရာ သို့ လှည့်လည်သွားလာကြပြီး မုတ်ကောင်များနှင့် ငှက်သိုက်များကို အခက်အခဲအမျိုးမျိုးကြားမှ  ရှာဖွေစုဆောင်းကြပြီး မလေးရှား၊ တရုတ်နိုင်င ံများသို့ ရောင်းချသည့်လုပ်ငန်းကိုလည်း စီးပွားရေးတစ်ခုအဖြစ် ယနေ့တိုင်လုပ်ကိုင်လျက်ရှိသည်။

 

ပင်လယ်မျှော့ဖမ်းသည့်လုပ်ငန်းမှာ   ဆလုံတိုင်းရင်းသား သွေးချင်းတို့၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုပင် ဖြစ်သည်။

 

ပင်လယ်မျှော့ဆိုရာတွင်လည်း ပင်လယ်မျှော့ဖြူ၊ မျှော့နီ၊ နုန်းမျှော့၊ ဝက်မျှော့နှင့် ကင်းမျှော့ဟူ၍ အမျိုးမျိုးရှိကြောင်း သိရသည်။ မျှော့ဖြူ၏ ကိုယ်ပေါ်တွင် အမည်းအစက်အပြောက်များရှိသည်။ ယင်းတို့သည် ပင်လယ်ရေနက်ထဲတွင် အများဆုံးရှိနေကြသည်။ မျှော့မည်းကို ရေတိမ်ပိုင်းတွင် တွေ့ရပြီး  မျှော့ဖြူနှင့် မျှော့မည်းတွင် မျှော့ဖြူက ပို၍ ဈေးကြီးသည်။

 

ပင်လယ်မျှော့ဖြူ၏အရှည်မှာ တစ်တောင်ခန့်ရှိပြီး လုံးပတ်မှာ ပေါင်လုံးခန့်ရှိသည်။ ဘဂျီမျှော့၏အရှည်မှာ တစ်ထွာခန့်ရှိပြီး လုံးပတ် မှာ လက်ကောက်ဝတ်ခန့်ရှိသည်။ ဘဂျီမျှော့တွင်လည်း နှစ်မျိုးရှိသည်။ ပင်လယ်ကမ်းစပ်တွင်နေသော မျှော့နီနှင့် ရေတိမ်ပိုင်းတွင် နေသော မျှော့ဝါဟူ၍ ဖြစ်သည်။ မျှော့နီသည် ရေကျချိန်၌ တွင်းထဲသို့ ဝင်သွား တတ်သည်။

 

မျှော့ကိုဖမ်းဆီးရာတွင် ရေကျချိန်၌ တွင်းထဲဝင်နေတတ်သော ကြောင့် ညအချိန်တွင် တွင်းထဲသို့ ဂုန်နီကြိုးကို ဒီဇယ်ဆီဆွတ်၍ မီးရှို့ပြီးထည့်လိုက်သောအခါ တွင်းထဲမှမျှော့များ ထွက်လာကြသဖြင့် အလွယ်တကူ ဖမ်းဆီးလိုက်နိုင်ကြကြောင်း သိရသည်။

 

သို့ဖြစ်သောကြောင့် ကမ်းစပ်တွင်ရှိသည့် ဘဂျီမျှော့ဖမ်းသည့် အလုပ်ကို အမျိုးသမီးများက အများဆုံးလုပ်ကိုင်ကြသည်။ ပင်လယ်မျှော့ကို နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဖမ်းယူလေ့ရှိကြသည်။

 

အဆိုပါ ပင်လယ်မျှော့ဖမ်းခြင်းလုပ်ငန်းကို ယခင်က ယောကျာ်း၊ မိန်းမ မရွေးလုပ်ကိုင်ကြပြီး ယခုအချိန်တွင် ရေနက်ထဲတွင်ပင်လယ်မျှော့ ငုပ်ခြင်းကို အမျိုးသားများက အဓိကလုပ်ဆောင်ကြသည်။ အနည်းငယ် မျှသော အမျိုးသမီးများသာ လုပ်ကိုင်ကြတော့သည်။

ပင်လယ်မျှော့ဖမ်းရာတွင် အုပ်စုလိုက်ဖမ်းကြခြင်းဖြစ်ရာ အနည်း ဆုံး လူငါးယောက်၊ ခြောက်ယောက်ဖြင့် လုပ်ကိုင်ကြသည်။

 

မျှော့ဖမ်းသည့်အခါ လှေကိုနိုင်လွန်ကြိုးဖြင့်  ချည်ထားပြီး ကျန်သည့်  ကြိုးစတစ်ဖက်ကို ရေငုပ်သူ၏ခါးတွင် ချည်ထားရသည်။ လှေနှင့်လူကို  ကြိုးဖြင့်ချည်နှောင်ဆက်သွယ်ထားခြင်း ဖြစ်သည်။ သို့မှသာလျှင် လှေသည် ရေငုပ်သူသွားသည့်နေရာသို့  လိုက်ပါရောက်ရှိ နိုင်မည်ဖြစ်သည်။ မျှော့ဖမ်းရာတွင် နှစ်လံခန့်ရှည်သည့်စူးဖြင့် ထိုးပြီး ဖမ်းရသကဲ့သို့ ပိုက်ကွန်ဖြင့်လည်း ဆွဲယူရသည်။

 

မျှော့ကိုစူးနှင့်ထိုးမိလျှင် မျှော့ပါးစပ်မှ အဖြူရောင်အစေးများ ထွက်လာသည်။ ဘဂျီမျှော့ထက် ပင်လယ်မျှော့ဖြူက ပို၍အစေးထွက် သည်ဟု သိရသည်။

 

တန်ဖိုးကြီးမား

ပင်လယ်မျှော့မှထွက်သော  အစေးဖြူများပျောက်အောင် ကျွေးဥကို ထု၍ထည့်ပြီး ပြုတ်ရသည်။  မျှော့ဖြူကို ပြုတ်သည့်အခါ ရေမလို ကြောင်းသိရပြီး ပလတ်စတစ်ပုံး သုံးပုံးခန့်ရှိသည့် မျှော့ကို ပြုတ်ပါက ရေနှစ်ပုံးခန့် ထွက်လာသည်။ မျှော့ဖြူမှလွဲ၍ ကျန်သည့်မျှော့ အားလုံးကို ပြုတ်သည့်အခါ ရေလက်နှစ်ဆစ်ခန့်ထည့်ပြီး ပြုတ်ကြ သည်။ ဘဂျီမျှော့ကို ပြုတ်ပါက  အရှည်လက်ညှိုးခန့်သာကျန်သည်။ လုံးပတ်မှာ ကွမ်းသီးလုံးခန့်ရှိသည်။ ပင်လယ်မျှော့ကိုပြုတ်လျှင် တစ်ထွာကျော်သာ ကျန်ရှိသည်။ လုံးပတ်မှာ လက်ကောက်ဝတ် ခန့်ရှိသည်။ မျှော့များကို  ကျပ်တင်အခြောက်လှမ်းပြီးလျှင် ကော့သောင်း သို့လည်းကောင်း၊ ထိုင်းနိုင်ငံမှ ကုန်သည်များထံသို့ လည်းကောင်း သွားရောက်ရောင်းချလေ့ရှိသည်။ ဘဂျီမျှော့ထက် ပင်လယ်မျှော့က ပို၍ဈေးကောင်းရလေ့ရှိသည်။ ပင်လယ်မျှော့ခြောက်သည် တန်ဖိုး ကြီးမားကြောင်းလည်း သိရသည်။

 

ဆလုံတိုင်းရင်းသားတို့၏ ပင်လယ်မျှော့ဖမ်းသည့်အလုပ်မှာ အလွန်အန္တရာယ်များပြီး ပင်ပန်းဆင်းရဲလှပေသည်။ ဆလုံအမျိုးသား တို့သည် ရေငုပ်အလွန်ကျွမ်းကျင်ပြီး  ရေအနက်သုံးလံ လေးလံမှ ခြောက်လံအထိ ငုပ်နိုင်ပြီး အချိန်အားဖြင့် နှစ်မိနစ်၊ သုံးမိနစ်ကြာမျှ ရေအောက်တွင် ငုပ်နေနိုင်ကြသည်။         တစ်ချို့အချိန်များတွင် တစ်နေကုန်ရေငုပ်ပြီးရှာဖွေသည့်တိုင် ပင်လယ်မျှော့ အနည်းငယ်သာ ရတတ်ကြောင်း သိရသည်။

 

ဆလုံတိုင်းရင်းသားတို့သည်   တင်းတိမ်ရောင့်ရဲလွယ်ကြ၍ ဝမ်းစာအတွက် ကြိုတင်စုဆောင်းခြင်း နည်းပါးကြလေ့ရှိသည်။ အဆိုပါ ရေလုပ်ငန်းလုပ်ဆောင်မှုများမှာ ဇာဒက်ကြီးကျွန်းရှိ တလွန်းရွာနှင့် ကော့ညှော်ရွာတို့တွင်နေထိုင်ကြသည့်  ဆလုံတိုင်းရင်းသားတို့၏ စီးပွားဖြစ်လုပ်ဆောင်ကြသည့် ရေလုပ်ငန်းလုပ်ဆောင်မှုများဖြစ်ပါ သည်။ သို့ဖြစ်၍  ဆလုံတိုင်းရင်းသားသွေးချင်းတို့၏  အသက်မွေး ဝမ်းကျောင်းလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ်   စုစည်းဖော်ပြ လိုက်ရပါသည်။  ။

 

ရည်ညွှန်း။       ။ဆလုံတိုင်းရင်းသားများ၏   လူမှုစီးပွားရေးဘဝ၊ ပါမောက္ခ ဒေါ်တင်ရီနှင့်အဖွဲ့