ကော့သောင်း ၂၅  ဖေဖော်ဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျေးရွာအုပ်စု တလွန်းဆလုံကျေးရွာရှိ ဆလုံတိုင်းရင်းသားများ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာသည် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ ထားဝယ် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်မေအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တက္ကသိုလ်များ စာကြည့်တိုက်တာဝန်ခံ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျေးရွာအုပ်စု တလွန်းဆလုံကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံ ဆလုံတိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ဆလုံလူမျိုးများပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာရေးဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းဆွေးနွေးကာ ဒေသခံတိုင်းရင်းသားများ အကျိုးစီးပွား ရေရှည် ရပ်တည်ဆောင်ရွက်နိုင်ရေး၊ ဒေသခံ ဆလုံတိုင်းရင်းသားများထဲမှ ဦးဆောင်နိုင်မည့် မျိုးဆက်သစ်များ မွေးမြူဖော်ထုတ် မြေတောက်မြှောက်ပေးနိုင်ရေး၊ အထူးသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများအတွင်း အသက်မွေးမှု လုပ်ငန်းတွင် ပင်လယ်လုပ်ငန်းအပြင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ စိတ်ပါဝင်စားလာကြရေး၊ စိုက်ပျိုးမြေများ ဖော်ထုတ်လုပ်ကိုင်ကြရေး အကြံပြုမှာကြားသည်။

 

ယင်းနောက် ဌာနဆိုင်ရာအဖွဲ့ဝင်များက စာတတ်မြောက်ခြင်းဖြင့် လူနေမှုဘဝများမြင့်မားလာရန် ဆလုံ တိုင်းရင်းသား ကလေးငယ်များ ကျောင်းနေအရွယ်ကလေး တိုင်းအခြေခံပညာ သင်ကြားတတ်မြောက်နိုင်ရေး၊ ကျေးရွာလမ်းများကောင်းမွန်ရေး၊ လျှပ်စစ်မီးနှင့်ရေရရှိရေး၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း အသုံးပြုကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွံ့ဖြိုးလာရေးစသည့် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနအလိုက် မေးမြန်းဆွေးနွေး ဖြည့်ဆည်းပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ဆလုံလူမျိုးများ ပူဇော်ကိုးကွယ်ရာရိုးရာနတ်ကွန်း၊ ကျေးရွာ စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ဆလုံလူမျိုးများ၏ ရိုးရာအသုံးအဆောင်များ ခင်းကျင်း ပြသထားသည့် အဏ္ဏဝါပြတိုက်ငယ်တို့ကို လိုက်လံကြည့်ရှုပြီး ဝန်ကြီးက ဒေသခံ ဆလုံတိုင်းရင်းသားများ ရိုးရာဓလေ့ နတ်ပူဇော်ပွဲကျင်းပနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)