ဆိုးလ်   ဇူလိုင်   ၂၃

တောင်ကိုရီးယား  အခြေစိုက် ဆမ်ဆောင်း နည်းပညာကုမ္ပဏီက ၎င်း၏ နောက်ဆုံးပေါ် ခေါက်သိမ်းနိုင်သော စမတ်ဖုန်း (Foldable Smartphone) စီးရီးအသစ်ကို ယနေ့ စတင်မိတ်ဆက်ခဲ့သည်။

အမေရိကန်ပြိုင်ဘက် Apple ကုမ္ပဏီကလည်း ယခုနှစ်အတွင်း ၎င်းတို့၏ ကိုယ်ပိုင်မော်ဒယ်ကို ထုတ်လုပ်လာနိုင်ဖွယ်ရှိပြီး ၎င်းသည် စမတ်ဖုန်းဈေးကွက်၏ ခေါက်သိမ်းနိုင်သော စမတ်ဖုန်း အမျိုးအစားသစ်  ထုတ်လုပ်ရေးအတွက် ပြင်းထန်သော ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာစေမည်ဖြစ်သည်။

ဆမ်ဆောင်း၏ Galaxy Z စီးရီး တွင်ပါဝင်သော   မော်ဒယ်အမျိုးအစားတစ်ခုမှာ စာအုပ်တစ်အုပ်ကဲ့သို့ ဖွင့်နိုင်ပြီး ဖြန့်လိုက်သည့်အခါ အထူ ၄ ဒသမ ၁ မီလီမီတာသာ ရှိသည်။

၎င်းသည် အဆိုပါစီးရီးတွင် အပါးလွှာဆုံးမော်ဒယ်ဖြစ်ပြီး အလေးချိန် ၂၁၅ ဂရမ်ရှိကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြောကြားသည်။ ၎င်း၏ ရှစ်လက်မအရွယ် မျက်နှာပြင်သည် ဗီဒီယိုကြည့်ရှုခြင်းနှင့် အီလက်ထရွန်နစ်စာအုပ်များ(e-books) ဖတ်ရှုခြင်းတို့အတွက် အလွန်သင့်လျော်ကောင်းမွန်ကြောင်း  ကုမ္ပဏီက ပြောကြားသည်။

အလားတူ Apple ကုမ္ပဏီက ၎င်းတို့၏  ပထမဆုံး  ခေါက်သိမ်းနိုင်သော  စမတ်ဖုန်းကို  ယခုနှစ်ကုန်ပိုင်းတွင်   မိတ်ဆက်ထုတ်လုပ်ဖွယ်ရှိကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြသည်။

မော်ဒယ်အသစ်များ  ထွက်ရှိလာမှုကြောင့်   ၂၀၂၆ ခုနှစ်တွင် ခေါက်သိမ်းနိုင်သော စမတ်ဖုန်းများ တင်ပို့ရောင်းချမှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မည်ဟု  အမေရိကန်မီဒီယာများက ခန့်မှန်းထားကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်