ဆွမ်ပရာဘွမ် ၁ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဆွမ်ပရာဘွမ်မြို့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၆၀၀ ဆိုင်းဘုတ်အနီးရှိ လမ်းဘေးဝဲ/ယာ၌ အရိပ်ရသစ်ပင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့ စိမ်းလန်းစိုပြည်သာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ပျဉ်းကတိုးပင်၊ ၂၀၁၉ ခုနှစ်မှာ သရက်ပင်များ စိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှာလည်း ချယ်ရီပင်၊ စိန်ပန်းပြာပင်၊ ထင်းရှုးပင်များ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ပြောကြားခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ရပ်/ကျေးစာရေးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက် (၃) ရပ်ကွက်မှ ပြည်သူများ တက်ရောက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီပင် ၁၃၁ ပင်၊ စိန်ပန်းပြာပင် ၂၀၊ ထင်းရှုးပင် ၁၁ ပင်၊ သပြေ ၁၀ ပင် စုစုပေါင်း ၁၇၂ ပင်အား ဆွမ်ပရာဘွမ်မြို့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၄၆၀၀) ဆိုင်းဘုတ်အနီးရှိ လမ်းဘေး ဝဲ/ယာ တွင် စိုက်ပျိုးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တက်ရောက်လာကြသော ပြည်သူများအား အရိပ်ရသစ်ပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)


