ဆွမ်ပရာဘွမ်၊ ၁၆ ဒီဇင်ဘာ
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အင်ဆိုင်း ယန်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မည့် မြေနေရာနှင့် စိမ့်စမ်းရေသွယ်လုပ်ငန်းဆောင်ရွက်မည့် နေရာတို့အား ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်နေပြည်သူများ၏ သောက်သုံးရေ အဆင်ပြေစွာရရှိနိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် လယ်ယာသားငါး ထုတ်ကုန်များ အဆင်ပြေချောမွေ့စွာနှင့် ကုန်ကျစရိတ်သက်သာစွာ ဈေးကွက်သို့ တင်သွင်းနိုင်ရေးစေရန် ရည်ရွယ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်ထောင်ကျေးရွာ၊ ခါ့ကရန်းယန်ကျေးရွာ၊ ဆူယန်ကျေးရွာ၊ ဖုန်ကျန်း ကျေးရွာ၊ အင်ဆိုင်းယန်ကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ခင်ဒူယန် အုပ်စု အင်ဆိုင်းယန်ကျေးရွာတွင် ကုန်ထုတ်လမ်း ပေ (၉၅၀၀) နှင့် ပေ (၁၀၀) ရေကျော်နှစ်ခုကို ငွေကျပ် ၈၁ ဒသမ ၇ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုဋေ(ပြန်/ဆက်)


