ဆွမ်ပရာဘွမ် ၂၉ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် ဝါစပ်ခူးရပ်ကွက်၊ ကဘရန်ခူးရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၂၀) အတွက် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ကျပ် လေးသိန်းအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ထို့အပြင်စက်တင်ဘာလ ၂၈ ရက် နံနက် (၁၁) နာရီခွဲခန့်က ဆွမ်ပရာဘွမ်မြို့နယ် မြို့မရပ်ကွက်ရှိ အခြေခံ လူတန်းစာအိမ်ထောင်စု(၁၉)စုအား တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းကျပ် သုံးသိန်း ရှစ်သောင်းကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးထံမှ သိရှိရသည်။ အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)