ဆွမ်ပရာဘွမ် ၁၃ နိုဝင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအိမ်ထောင်စုများသို့ နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဆွမ်ပရာဘွမ် အ.ထ.က သို့ ပညာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာဆောက်လုပ်ရေး၊ သာသနာရေး၊ ရေရရှိရေး၊ စွမ်းအင်လုပ်ငန်း စသည့် လုပ်ငန်းဆပ်ကော်မတီ (၁၁)မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအိမ်ထောင်စုများသို့ နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဆွမ်ပရာဘွမ် အ.ထ.က သို့ ပညာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးခြင်းအတွက် ကျေးဇူတင်စကား ပြောကြားခဲ့သည်။
အဆိုပါထောက်ပံ့မှုအနေဖြင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက ဆွမ်ပရာဘွမ် အ.ထ.က ကျောင်းအတွက် ကွန်ပျူတာ၊ ကာလာပရင်တာ၊ မီးစက်အား မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) အုပ်စုရှိ အိမ်ထောင်စု (၇၉) အိမ်ထောင်စုအား နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စုရှိ အိမ်ထောင်စုများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါပစ္စည်းများအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ကုဋေ (ပြန်/ဆက်)


