ဝါးခယ်မ ၂၇ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများတွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဉီးဇော်မော်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက ဆန်စက်လုပ်ငန်းများ၌ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ အလုပ်ခွင်တစ်ခုတွင် အလုပ်သမားတစ်ဦးနှင့်တစ်ဦးအကြား (၆)ပေခွာ ထားရှိခြင်း၊ (၆)ပေတိကျသော အကွာအဝေးရှိစေရန် ကြမ်းပြင်ပေါ်တွင် အမှတ်အသား ပြုလုပ်ထားခြင်း၊ အလုပ်သမား များအား မျက်နှာချင်းဆိုင် အလုပ်မလုပ်စေဘဲ ဘေးတိုက်သာနေရာချထားပြီး အလုပ်လုပ်စေခြင်း၊ အလုပ်သမားများကို အဆိုင်းများခွဲ၍ အလုပ်လုပ်စေခြင်း၊ အလုပ်သမားများ အလုပ်တက် / ဆင်းချိန်နှင့် ထမင်းစားချိန်တွင် အဆိုင်းအလိုက် ထမင်းစားချိန် လွှဲပြောင်းပေးခြင်း၊ အလုပ်သမားများကို နှာခေါင်းစည်းများနှင့် လက်အိတ်များ မဖြစ်မနေ ဝတ်ဆင်စေခြင်း စသည်တို့ လုပ်ဆောင်ထားရှိမှု ရှိ မရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)

