နေပြည်တော်၊ နိုဝင်ဘာ ၃
ပြည်တွင်း၏ အဓိက စားနပ်ရိက္ခာအဖြစ်သာမက ပြည်ပပို့ကုန်ကဏ္ဍအတွက်လည်း အရေးပါသည့် ဆန် စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရွေးချယ်သုံးစွဲရန် လိုအပ်ချက်ကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြသည်နှင့်အမျှ စိုက်ပျိုးရာသီအချိန်မီ မျိုးကောင်းမျိုးသန့် မျိုးစေ့များဖူလုံစွာရရှိရေးကို ဒေသအလိုက် အကျိုးဆောင် တောင်သူများနှင့် မျိုးစေ့ ထုတ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုများ တွင်ကျယ်လာလျက်ရှိကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အလျဉ်လိုကျေးရွာ ကွင်းအမှတ် (၁၆၆၃)တွင် GWT မျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်က တစ်ကွင်းတစ်ဆက်တည်း ဧက(၈၅၀)စိုက်ပျိုးထားသည့် GW-11 အထွက်ကောင်း မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းကို ယမန်နေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှင့် တောင်သူ လယ်သမား(၃၇)ဦး လာရောက်လေ့လာကြရာ GWT မျိုးစေ့ထုတ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးတင်မောင် က မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် GW-11 အထွက်ကောင်း မျိုးစပါး၏ အရည်အသွေး ထူးခြားချက်များကို ရှင်းလင်းပြသသည်။
ထို့ပြင် GWT ဥက္ကဌ က မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရာတွင် ရာသီဥတုဒဏ် ရောဂါဒဏ်ခံနိုင်မှု၊ အပင်အရပ်ညီညာမှု ၊ ပင်ပွား နှင့် တစ်နှံပါအောင်စေ့ တို့က အထွက်နှုန်း အပေါ်သက်ရောက်မှု ရှိသကဲ့သို့ ပြည့်ဝသော ဆန်အရည်အသွေးဖြစ်ရန်နှင့် ဈေးကွက်အကြိုက် စားသုံးသူအကြိုက် ဖြစ်ရန်လိုကြောင်း၊ အခြားတစ်ဘက်တွင်လည်း လက္ကားဈေးကွက်ဝင်နိုင်ရန်နှင့် ဈေးကွက်သေချာမှုရှိစေရန် သက်ဆိုင်သူ အားလုံး အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မှသာ တောင်သူများအတွက် အကျိုးအမြတ်သေချာမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သွင်းအားစုစရိတ်များ ကြီးမြင့်နေသော်လည်း သီးနှံဈေးနှုန်းများမှာလည်း အထိုက်အလျောက် တိုးတက် ရရှိနေသည့်အတွက် သွင်းအားစုလျှော့ချသုံးစွဲပြီး အထွက်နှုန်းတိုးအောင် ကြိုးပမ်းနေကြကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ကို မိမိတို့ဒေသရှိ အခြားတောင်သူများပါ ဖူဖူလုံလုံသုံးစွဲနိုင်အောင် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း လေ့လာရေးအဖွဲ့ဝင် တောင်သူတစ်ဦးက ပြောသည်။
(သတင်းစဉ်)