ရွှေဘို ၁၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ဆန်/စပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက ဆန်/စပါး စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးကျော်သူသောင်းစိန်က ရွှေဘိုပေါ်ဆန်း၊ ဒေသဆိုင်ရာအညွှန်း(Geographical Indication)(GI) ရရှိရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မို့မို့က မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ထုတ်လုပ်မှုဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး SATAKA ဆန်စက်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီက ဆန်/စပါး ကြိတ်ခွဲမှုအပိုင်းတွင် မိမိတို့ကုမ္ပဏီထုတ်ပစ္စည်းများအကြောင်း မိတ်ဆက်ဆွေးနွေးပေးခဲ့သည်။ ထို့နောက် တန့်ဆည်မြို့ မြန်မာနိုင်ငံသားများ ဘဏ်ကိုယ်စား (မုံရွာ)ဘဏ်ခွဲတာဝန်ခံ ဒေါ်ဆွေဆွေလှိုင်က တောင်သူများအတွက် လက်ရှိဆောင်ရွက်ပေးနေမှုများ၊ ဘဏ်နှင့်ချိတ်ဆက်၍ ငွေပေးသွင်းမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ယင်းနောက် ရွှေဘိုမြို့ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အတွင်းရေးမှူး သိင်္ဂီဆန်စက်လုပ်ငန်းရှင် ဦးကျော်နိုင်က မြို့နယ်အဆင့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်လှိုင်က ဆန်/စပါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အလုပ်ရုံဆွေးနွေးပွဲ ဖော်ထုတ်ချက်များ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် အလုပ်ရုံဆွေးနွေးပွဲဖော်ထုတ်ချက်များနှင့် ကန့်ဘလူခရိုင် ဇီးကုန်းမြို့ အလုပ်ရုံဆွေးနွေးပွဲဖော်ထုတ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက စားပွဲဝိုင်းဆွေးနွေးမှုများပြုလုပ်ပြီး စားပွဲဝိုင်းဆွေးနွေးဖော်ထုတ်ချက်များကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။ ယနေ့အလုပ်ရုံဆွေးနွေးပွဲ ဖော်ထုတ်ချက် ၂၀ ချက်ရှိကြောင်း သိရသည်။
ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။ ယနေ့အခမ်းအနားသို့ ဆန်စက်လုပ်ငန်းရှင်များ၊ စပါးစိုက်တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ကုန်းဘောင်)


