နေပြည်တော်၊ ၈ ဒီဇင်ဘာ
ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း တစ်သိန်းကျော်သွားပြီ ဖြစ်ပါသည်။ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်းမှာလည်း ၂၁၀၀ ကျော်ရှိခဲ့ပြီ။ နိုင်ငံသား ပြည်သူလူထုအနေဖြင့် အလွန်အကြူးထိတ်ထိတ်ပျာပျ ဖြစ်သွားရန်မလိုဘူးဟု ဆိုနေရသည့်တိုင် လေးနက်သော အချက်ပေးခေါင်းလောင်းသံအဖြစ် မှတ်ယူကြရန်တော့ လိုပါပြီ။
ယခုသိရသည့် အဆိုပါပိုးကူးစက်မှုခံရသူ လူနာစုစုပေါင်း၏ ၇၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါသည်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူလူနာ စုစုပေါင်း၏ ၉၂ ဒသမ ၇ ရာခိုင်နှုန်းမှာလည်း ရန်ကုန်တိုင်းဒေသကြီးကပင် ဖြစ်ပါ၏။
ယင်းအနေအထားပေါ်မူတည်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်တိုင်းက အထူးသတိ ထားဖို့လိုတယ်လို့ ကျွန်မတို့ ထပ်တလဲလဲ ပြောတာပါ” ဟု ဆိုလိုက်ပါသည်။
ရန်ကုန်သည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးမြို့ ၊ လှုပ်ရှားတက်ကြွအရှိဆုံးမြို့ ဖြစ်သည့်အတွက် ရောဂါပိုးကူးစက်နိုင်မှုကလည်း အများဆုံး ဖြစ်နိုင်ခြေရှိသည်မှာ မှန်ပါသည်။ သို့သော်လည်း ဥပဒေ လိုက်နာကြခြင်းဖြင့်လည်းကောင်း၊ စည်းကမ်းစည်းမျဉ်းများအတိုင်း ထိန်းသိမ်းကျင့်ကြံကြခြင်းဖြင့် လည်းကောင်း ရောဂါပိုးကူးစက်မှုကို များစွာကာကွယ်ထိန်းချုပ်နိုင်မည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ စည်းကမ်းလျော့ရဲမှု၊ ဥပဒေကို မထီမဲ့မြင်ပြုမှုတို့သည် ကာယကံရှင်အတွက်လည်း မည်သို့မျှ သက်သာလိမ့်မည် မဟုတ်သလိုတစ်နိုင်ငံလုံး၏ အထွေထွေအခြေအနေကို ပိုမိုထိခိုက် နစ်နာစေမည်ကိုလည်း သတိပြုသင့်ကြပါသည်။ ။
မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအားလုံးလိုလိုပင်ယခု ၂ဝ၂ဝ ပြည့်နှစ်၏ နှစ်ဆန်းမှသည် နှစ်ဆုံးထိတိုင် ကိုဗစ်ရာဂါနှင့် နပန်းလုံးနေခဲ့ကြရသည်။ အထူးသဖြင့်မူ နိုင်ငံရေးခေါင်းဆောင်များ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုရေးရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ တတ်ကျွမ်းနားလည်သူ ပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးအကူနှင့် ပရဟိတသမားများ ဖြစ်၏။ နှစ်ပေါက်သည့်တိုင် ဆက်တိုက်တာဝန်ယူ အလုပ်လုပ်ကြရသဖြင့် အမှန်ပင် ပင်ပန်းလှ၊ နွမ်းနယ်လှပြီ။
မြန်မာနိုင်ငံသည် အစစအရာရာ နိမ့်ပါးနေရာက ပြန်လည်ကုန်းရုန်းထရန် ကြိုးစားနေရသည့် အချိန်ဖြစ်သည့်အတွက် ငွေအား၊ လူအား၊ ယန္တရားနှင့် အထောက်အကူပြု အဆောက်အအုံ အင်အားစသည့် ရင်းမြစ်မျိုးစုံ အားနည်းလျော့ပါးနေမှုများကြားက တတ်နိုင်သမျှ ရှိသမျှနှင့် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြရပါသည်။
ဤဖိစီးမှုက လေးလံလှပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းအားလုံး ထိခိုက်နစ်နာနေပြီဖြစ်ပြီး အနာဂတ် စီးပွားရေးပြန်လည် ဦးမော့ရေး၊ နာလန်ထူရေးကို များစွာအားထုတ်လုပ်ကိုင်ကြရဦးမှာ ဖြစ်ပါသည်။ သံသယလူနာများ၊ ကူးစက်ခံထားရသူလူနာများ၊ ရောဂါခံစားနေရသူများတို့အတွက် ကျန်းမာရေးစရိတ်ကလည်း စီးပွားရေးအကျပ်အတည်းကို ပိုမိုလေးလံစေဦးမည်ဖြစ်ပါသည်။
ယနေ့ကာလ အရေးကြီးဆုံးလုပ်ငန်းမှာ နိုင်ငံတွင်း ပိုးကူးစက်မှုနှုန်းကို လျှော့ချနိုင်ရေးဖြစ်ပါသည်။ ဤသည်မှာ အစိုးရ၊ စီမံခန့်ခွဲသူများနှင့် ကျန်းမာရေးပညာရှင်များသက်သက်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု များစွာလိုအပ်ပါသည်။ လက်ကို ရေ ဆပ်ပြာတို့ဖြင့် စနစ်တကျဆေးခြင်း၊ လူစုလူဝေး လုံးဝမပြုလုပ်ခြင်း၊ လူချင်းခွာ စကားပြောဆိုဆက်ဆံခြင်း၊ အိမ်တွင်း၌ အတတ်နိုင်ဆုံး နေခြင်း၊ မဖြစ်မနေထွက်ရလျှင် နှာခေါင်း ပါးစပ် အကာအကွယ်၊ မျက်နှာဖုံးတို့ကို တပ်ဆင်ခြင်းစသည့် အခြေခံများနှင့်အတူ ထုတ်ပြန်ကြေညာထားသော ဥပဒေ စည်းကမ်းတို့ကို လိုက်နာရန် အထူးလိုပါသည်။
“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြွက်ဆိုသကဲ့သို့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့က အရေးကြီးပါသည်။ အမှန်တကယ် ဖြစ်ချင်မှု လိုလားမှု၊ အားအင်စိုက်ထုတ်မှု၊ စိတ်ဓာတ်မြင့်မားမှုနှင့် ဘာလုပ်သင့်သည် ဘာမလုပ်သင့်ဆိုသည်ကို ကောင်းစွာနားလည်သည့် ပညာဉာဏ်ဖြင့် ကျင့်ကြံဆောင်ရွက်ကြခြင်းဖြင့် ယနေ့ရင်ဆိုင်နေရသော ကပ်ရောဂါကို အောင်မြင်စွာကျော်လွှားနိုင်ကြ မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း