၁ ဧပြီ

တက္ကသိုလ်ဝင်စာမေးပွဲများ မတ် ၁၅ ရက်က ပြီးဆုံးပြီဖြစ်သည်။ ကောင်းစွာဖြေဆိုနိုင်သော  ကျောင်းသားများရှိသကဲ့သို့  အသင့်အတင့်ဖြေဆိုနိုင်သူများ ရှိကြသော်လည်း စာမေးပွဲဖြေဆိုပြီးသည့်အခါတွင်မူ တစ်နှစ်စာ ရင်တွင်းမှ အပူလုံးကြီးတစ်ခု ကျသွားသဖြင့် ပေါ့ပါးသွားသည်ကတော့ အမှန်ပင်။

စာမေးပွဲကို ကိုယ်တိုင်ဖြေဆိုကြရသည့်  ကျောင်းသားများနည်းတူ   တစ်နှစ်ပတ်လုံး စိတ်ရော၊ ကိုယ်ရော ပင်ပန်း နေကြရသူများမှာ   မိဘများပဲဖြစ်သည်။   ကိုယ်တိုင်မဖြေ ကြရသော်လည်း   သားသမီးများ    တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ ဖြေဆိုနိုင်ရေး၊  လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေး အတွက် ငွေရှာရသည်၊ ကျောင်းရှာရသည်၊ ဆရာရှာရသည်၊ ကျူရှင်ရှာရပါသည်။ ကာယကံရှင် ကျောင်းသား ကျောင်းသူ များအပါအဝင် မိဘများသည် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ရေး  ကြိုးပမ်းရသည့်  အကြောင်းရင်းကို အားလုံးသိပြီး  ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းသည် ကျောင်းသားများ အတွက်  ဘဝအဆုံးအဖြတ်  စာမေးပွဲဖြစ်နေသေးခြင်း ကြောင့်ပင် ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက်    မိဘများနှင့် ကျောင်းသားများ ကိုယ်စိတ်ပင်ပန်းစွာ ကြိုးပမ်းနေသည်ကို မြင်သည့် မိတ်ဆွေတစ်ဦးက   ပြောပါသည်။  “ဘာလို့များ ဒီလောက် ကြိုးစားနေကြတာလဲဗျာ၊      ၁၀  တန်းကို ထူးထူးချွန်ချွန် မအောင်လည်း  ဘာဖြစ်သလဲ၊ သူတို့စိတ်ဝင်စားတဲ့ အခြား နေရာတွေမှာ    ထူးချွန်အောင်        ကြိုးစားလို့ရတာပဲ”  ဟု ပြောပါသည်။ မိတ်ဆွေ၏ စကားကို အပြည့်အဝ ထောက်ခံ ပါသည်။ သို့သော် ခြွင်းချက်ရှိပါသည်။

ဝါသနာနှင့် ဘဝရပ်တည်မှု 

လက်ရှိ မိမိတို့နိုင်ငံ၏အခြေအနေသည် ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်း  ပညာရပ်မှလွဲ၍ ကျန်သော ပညာရပ် သို့မဟုတ် ဘာသာရပ်များသည်  ဘဝရပ်တည်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်ပါသလား။ လက်တွေ့ကျကျ စစ်တမ်းကောက်ယူကြည့်စေလိုပါသည်။ နည်းပါးလှစွာသော ရာခိုင်နှုန်းမှလွဲ၍ ကျန်သောသူများအတွက် မိမိရရှိထားသော အထူးပြုဘာသာရပ်ဖြင့်    ဘဝရပ်တည်ရန်   ခက်ခဲသည်မှာ ကိုယ်တွေ့ပင်        ဖြစ်ပါသည်။      ထိုသို့ဆိုခြင်းမှာ  အထူးပြုဘာသာရပ်များကို    အထင်သေးစွာ    ပြောလိုခြင်းမဟုတ်။ ရရှိထားသောပညာနှင့် အသက်မွေးဝမ်းကျောင်းနိုင်မှုအကြား ကွာဟချက်ဖြစ်နေခြင်းကို      ဖော်ပြလိုရင်းပင်      ဖြစ်သည်။ 

ပြီးခဲ့သောနှစ်က   သမိုင်းဘာသာရပ်ယူမည့် ကျောင်းသား မရှိဆိုသည့် သတင်းဖတ်ရသည့်အခါ များစွာစိတ်မကောင်းမိ။ သမိုင်းဘာသာရပ်ကို စိတ်မဝင်စားခြင်းလား၊ သမိုင်းဘာသာ ရပ်ဖြင့်    ဘဝအသက်မွေးဝမ်းကျောင်း   မရပ်တည်နိုင်ခြင်းကြောင့်လား ဆန်းစစ်ကြည့်မိပါသည်။

နေ့ကျောင်းသားများနှင့် မိဘများအတွက် ဝါသနာနှင့် ဘဝရပ်တည်မှု တစ်ထပ်တည်းကျရန်  သို့မဟုတ် ရွေးချယ်ကြရန် အခက်အခဲများစွာ  ရှိနေသည်မှာ လက်တွေ့အခြေအနေပင် ဖြစ်ပါသည်။  မည်သည့်မိဘမဆို  သားသမီးများ  ပညာရပ်အားဖြင့်ဖြစ်စေ၊ ဘဝရပ်တည်မှုအားဖြင့်ဖြစ်စေ  အဆင်ပြေပြေ ရပ်တည်စေလိုသည်မှာ  မိဘတိုင်း၏  ဆန္ဒဖြစ်မည်မှာ သေချာပါသည်။  ဆန္ဒနှင့်ဘဝဟုလည်း ဆိုနိုင်ပါသည်။

သက်မွေးပညာရပ်ဖြင့်   ကျောင်းပြီးသော   ကျောင်းသားများအတွက်  ဘဝအသက်မွေးမှုအတွက်  ရုန်းကန်ရမှု နည်းသော်လည်း   အခြားဘာသာရပ်အားဖြင့် ကျောင်းပြီးသော   ကျောင်းသား   ကျောင်းသူများအတွက်မူ      ဘဝ ရပ်တည်ရေးအတွက်  ထပ်မံရုန်းကန်ကြိုးစားကြရပါသည်။ ထို့အတွက် တက္ကသိုလ်ဝင်တန်းတွင်   အမှတ်ကောင်းကောင်းရ၍  အသက်မွေးဝမ်းကျောင်းသို့    တက်ခွင့်ရရန် ကြိုးစား ကြခြင်းပင် ဖြစ်သည်။ 

ဤနေရာတွင် ကျောထောက်နောက်ခံ ကောင်းသော  မိဘများအတွက်  သားသမီးများအား အသက် မွေးဝမ်းကျောင်းရန်  စီးပွားရေး  လက်ငုတ်လက်ရင်းအားဖြင့် ဖြစ်စေ၊    ငွေကြေးအရင်းအနှီးအားဖြင့်ဖြစ်စေ  ပံ့ပိုးထောက်ကူ ပေးနိုင်သော်လည်း   သာမန်လက်လုပ်လက်စားများ၊ ဝန်ထမ်းများအတွက်မူ  ပညာသည်သာ  အရင်းအနှီး၊  ပညာသည်သာ ဘဝအသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ရည်မှန်းကြိုးစား ကြရသည်။ တစ်နည်းအားဖြင့်   ဘဝအသက်မွေးဝမ်းကျောင်းအတွက်    ပညာကို    အရင်းအနှီးအဖြစ်   သားသမီးများကို အမွေပေးသည်ဟု သဘောထားကြိုးစားကြရသည်။ သို့ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲသည်      ယနေ့ထက်တိုင်   ဘဝအဆုံး ဖြတ်အဖြစ် ရှိနေဆဲပင်ဖြစ်သည်။

မူဝါဒအကောင်အထည်ဖော်မှု

အမျိုးသားပညာရေးမူဝါဒ  ၁၆ ချက်တွင် တက္ကသိုလ်ဝင်ခွင့် သင်ယူလိုသည့်   ဘာသာရပ်နှင့်    တက္ကသိုလ်ကို    သင်ယူသူ ကိုယ်တိုင်ရွေးချယ်    လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲ  ရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ်ဘဲ    တက်ရောက်လိုသည့်    တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ  စိစစ်ရွေးချယ်သည့်စနစ်ထားရှိရေး ဆိုသည့် အချက်တစ်ချက်လည်း  ပါဝင်ပါသည်။

သို့ဖြစ်ရာ     တက္ကသိုလ်ဝင်ခွင့်အတွက်     တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရမှတ်သည်  ယခုကဲ့သို့   အရေးမကြီးတော့ဘဲ မိမိတက် ရောက်လိုသည့်    တက္ကသိုလ်သို့    ဝင်ခွင့်ရရေးသည်သာ  အဓိက ဖြစ်လာမည်ဖြစ်သည်။  
 ထိုအခါတွင်လည်း   ကျောင်းသားများ အနေဖြင့် စိတ်ဝင်စားရာ  ဘာသာရပ်များသို့  တက်ရောက်ခွင့်ရရှိ ရေးကြိုးစားကြမည်လား၊    ဘဝအသက်မွေးမှုနှင့်  ယှဉ်သည့် အသက်မွေးတက္ကသိုလ်များသို့  တက်ရောက်ခွင့်ရရှိရေး ကြိုးစားကြမည်လားဆိုသည်မှာ   သင်ကြားမှုနှင့်   အလုပ်အကိုင်ရရှိမှု အခြေအနေပေါ်တွင် မူတည်နေဦးမည်ဟု ယူဆမိပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍစုံပြုပြင်ပြောင်းလဲနေဆဲကာလတွင် အရေးကြီး လိုအပ်ချက်တစ်ရပ်မှာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ပင် ဖြစ်ပါသည်။  ယင်းလိုအပ်ချက်အတွက်    အမျိုးသားပညာရေး မူဝါဒတွင်လည်း  ထည့်သွင်းဖော်ပြထားသည်ကို  အောက်ပါ အတိုင်း  တွေ့ရပါသည် - 

-အမျိုးသားပညာရေးမူဝါဒတွင်  လူမှုစီးပွားရေးဘဝတွင်   လက်တွေ့အသုံးချနိုင်သည့်     ပညာရေးဖြစ်စေ ရေး၊

-ပညာရပ်နယ်ပယ်အားလုံးကို     တစ်ပြေးညီ   ဖွံ့ဖြိုး တိုးတက်စေပြီး      နိုင်ငံတော်၏      လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက်        အရည်အသွေးမြင့်မားသည့်   လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော  အသိပညာရှင်၊ အတတ်ပညာရှင်၊   နည်းပညာနှင့်  သက်မွေးပညာ    ကျွမ်းကျင်သူများကို    အဆင့်အလိုက်   မွေးထုတ်ရေး။ ပညာရေးမူဝါဒအရ   နိုင်ငံတော်အတွက်    လိုအပ်သော လူသားအရင်းအမြစ်များကို    မွေးထုတ်ပေးရန်   ဖြစ်ပါသည်။ 

ယခုလည်း လူသားရင်းမြစ်များ မွေးထုတ်ပေးနေဆဲဖြစ်ပါသည်။

သို့သော် ထွက်ရှိလာသော လူသားရင်းမြစ်များနှင့် အသုံးချနိုင်မှု ကွာဟနေခြင်းသည် မိဘများနှင့် ကျောင်းသားများ၏ ပညာရေး မျှော်မှန်းချက်များအပေါ်   ဦးတည်ချက်   ပြောင်းလဲစေသည်ကို တွေ့ရပါသည်။

ထို့အတူ မြန်မာ့ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းဖြင့် လူသားရင်းမြစ်များကို မွေးထုတ်ပေးနေသော်လည်း တစ်ဖက် တွင် Human capacity flight ဖြစ်နေခြင်း၊  learning and employment ကွာဟချက်  ကြီးမားနေခြင်းများကြောင့် လက်ရှိအခြေအနေတွင်  လူသားရင်းမြစ်      ရှားပါးခြင်းများနှင့် ရင်ဆိုင်နေရဆဲအခြေအနေ    ဖြစ်ပါသည်။ ယင်းသည် အမျိုးသား ပညာရေးမူဝါဒအရ ပညာရေးဝန်ကြီးဌာနမှ လူသားရင်းမြစ်များ မွေးထုတ်နေသော်လည်း ယင်းလူသားရင်းမြစ်များအား အသုံးချနိုင်မှု သို့မဟုတ်  အလုပ်ခန့်ထားနိုင်မှု လိုအပ်နေဆဲအခြေအနေများကြောင့်   ကျောင်းသား    ကျောင်းသူများ ဘွဲ့ရအလုပ်လက်မဲ့ ဖြစ်နေခြင်း၊   ပြည်တွင်း ပြည်ပ   ဦးနှောက်ယိုစီးမှုများကြောင့် လူသားရင်းမြစ်ရှားပါးနေခြင်း ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။

ဆန္ဒနှင့် ဘဝမြန်မာနိုင်ငံ၏   ပညာရေးသည် ပြောင်းလဲဆဲအခြေအနေ ဖြစ်ပါသည်။  သို့ဖြစ်သည့်အတွက်   ပြုပြင်ရန်လိုအပ်ချက်များ၊ ဖြည့်ဆည်းရန်    လိုအပ်ချက်များ၊  အချိန်ယူပြောင်းလဲရန်များ ရှိနေဆဲဖြစ်ပါသည်။ ဆောင်ရွက်ဆဲကာလ ဖြစ်သဖြင့် လိုအပ်ချက် များရှိနေမည်ကိုလည်း  နားလည်လက်ခံရပါမည်။ မြန်မာနိုင်ငံ၏ အလုံးစုံ   စီးပွားရေးကဏ္ဍများ    လျင်မြန်စွာနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် လူသားရင်းမြစ်ဖွံ့ ဖြိုးတိုးတက်ရေးသည် အရေးကြီးသောလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာတွင်   ဖော်ပြထားပါသည်။    ပညာရေးကဏ္ဍသည် လူသားရင်းမြစ်     မွေးထုတ်ပေးနေရုံသာမက     ပညာရေး၏နှစ်သာရဖြစ်သော   တွေးခေါ်ကြံဆ  ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍  ဗလငါးတန်ပြည့်စုံသည့်   နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို    ဦးတည်လေ့ကျင့်ပေးရန်   ရည်မှန်းထား သည်ကို      အမျိုးသားပညာရေး    ရည်မှန်းချက်များတွင်   တွေ့ရပါသည်။        တစ်နည်းအားဖြင့်      အရည်အသွေးမြင့်    လူသားရင်းမြစ်များ   မွေးထုတ်ပေးရေး    ဖြစ်ပါသည်။ ယင်းသို့သော အခြေအနေတွင်    လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်       အရည်အသွေးမြင့်ပညာရေး    သာမက          အရည်အသွေးမြင့်    လူသားရင်းမြစ်များကို     လုပ်ငန်းများနှင့်  ချိတ်ဆက်ပေးရေးကို    တွန်းအားပေးရန်   လိုအပ်ကြောင်း ADB ၏ Myanmar  Human Capital   Development ၊ Employment   and   Labour Markets တွင် ဖော်ပြထားပါသည်။

ထိူသို့သောအခြေအနေတွင်    ကာယကံရှင်   ကျောင်းသားများနှင့်  ကျောင်းသားမိဘများသည်လည်း   ဘဝအာမခံချက်နှင့် ဝါသနာအကြား    ရွေးချယ်ဆုံးဖြတ်နေကြရသည်မှာ    လက်တွေ့ ဘဝများပင်ဖြစ်၏။   နိုင်ငံ၏  အများစုဖြစ်သော ဝန်ထမ်းများ၊      လူလတ်တန်းစား၊          လက်လုပ်လက်စား    မိဘများအတွက်   သားသမီးများ၏  ပညာရေးသည်   ဘဝရပ်တည်ရေးအတွက်   မျှော်လင့်ချက်တစ်ခုအဖြစ်   ရှိနေဆဲ အခြေအနေဖြစ်သဖြင့်  ဝါသနာဆိုသည်မှာ   စိတ်ကူးရန်ခက်ခဲ လှပါသည်။    တစ်နည်းအားဖြင့်    မိမိတို့  သားသမီးများ၏ဘဝကို   ဝါသနာအရ စွန့်စားရန်ဆိုသည်မှာ လက်ရှိအခြေ အနေများနှင့်   အံဝင်ခွင်ကျဖြစ်ရန် ခက်ခဲနေပါသည်။   က္ဘာ တွင်   ဝါသနာအရ    စွန့်စားမှုများ  ရှိပါသည်။ ကမ္ဘာကျော် အောင်မြင်သူများလည်း        ရှိသကဲ့သို့ လူမသိ  သူမသိ ပျောက်ကွယ်သွားသူများလည်း   ရှိပါသည်။ တင်ပြလိုသည်မှာ  နောက်ခံအခြေအနေ၊     လူမှုဝန်းကျင် အခြေအနေ မတူညီကြသည်ကိုလည်း ထည့်သွင်းစဉ်းစားရန်  လိုအပ်မည်ဟု ယူဆမိပါသည်။

သေချာသည်မှာ မိဘတိုင်းသည် မိမိတို့သားသမီးအား ထူးချွန်စေချင်သည်မှာ သဘာဝပင်  ဖြစ်ပါသည်။ ထူးချွန်ရန်လည်း အကောင်းဆုံးနည်းလမ်းကို     မိမိတို့တတ်နိုင်သမျှ ရွေးချယ်တတ်ကြပါသည်။     တက္ကသိုလ်ဝင်တန်းကို    အမှတ်ကောင်းစွာ   အောင်မြင်သော    ကျောင်းသားတစ်ဦးအား   ဆေးပညာရပ်ကို  ဝါသနာမပါသော်လည်း    မည်သည့်အတွက်ကြောင့်      ဆေးကျောင်းတက်စေပါသနည်း။          အချို့ ကျောင်းသားများသည် ဆေးကျောင်းပြီး၍ ဆရာဝန်အလုပ်   မလုပ်ဘဲ   အခြားအသက်မွေးဝမ်းကျောင်းအလုပ် လုပ်ကြ ပါသနည်း။   ယင်းမေးခွန်းများ၏  နောက်ကွယ်တွင်    လက်ရှိအခြေအနေကို      ဖော်ညွှန်းနိုင်သော အဓိပ္ပာယ်များ၊ အဖြေများရှိနေမည်မှာ  သေချာပါသည်။

မျှော်မှန်းချက်ကျောင်းသားမိဘများ၊ ကျောင်းသားများတွင် ယခင်က တွေ့ကြုံခဲ့ရသော အခြေအနေများအရဖြစ်စေ၊ လက်ရှိ အတွေ့အကြုံများအရဖြစ်စေ  ကျောင်းသားများ   ပညာသင်ကြားရခြင်း ရည်ရွယ်ချက်များတွင်   ဝေဖန်ပိုင်းခြား    ဆုံးဖြတ်နိုင်စွမ်းရှိသော၊ တီထွင်ဖန်တီးနိ်ုင်စွမ်းရှိသော၊ လူမှုကျင့်ဝတ်များကို လေးစားလိုက်နာတတ်သော နိုင်ငံ့သားကောင်းများဖြစ်ရေး အပြင်  ဘဝရပ်တည်ရေးအတွက်   အလုပ်အကိုင်အာမခံချက် ရရှိရေးလည်း ပါဝင်နေပါသည်။

သို့ဖြစ်ရာ နိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေးသာမက   ယင်းထွက်ရှိလာသော    လူသား ရင်းမြစ်များကို   မည်သို့အသုံးချမည်ဆိုသည့်   စီမံခန့်ခွဲမှုများလည်း  လိုအပ်မည်ဟု   ယူဆမိပါသည်။ သို့မှသာ ပြည်တွင်း ပြည်ပ  ဦးနှောက်ယိုစီးမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ 

ကျောင်းသား ကျောင်းသူများအတွက်လည်း  မျှော်လင့်ချက်များ  မြင့်မားလာနိုင်မည်ဖြစ်ကာ   ဝါသနာနှင့် ကိုက်ညီသော ဘာသာရပ်အား ရွေးချယ်ခြင်း၊ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သူများ    ပေါ်ထွန်းလာနိုင်ခြင်းများကို   မျှော်မှန်း နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။    ။

သိန်းထွန်း(IR)