၁၉ ဒီဇင်ဘာ
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ဆန်ဒရာဘူးလော့ဒ်ရဲ့ ရုပ်ရှင်သစ်ဟာ လာမယ့်သောကြာ နေ့မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်သစ် မထွက်ရှိမီမှာ ဆန်ဒရာဘူးလော့ဒ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းမှာတော့ “The Late Show” အတွက် နယူးယော့ခ် ကို ရောက်ရှိလာခဲ့တာကို တွေ့ရကြောင်း မေးလ်အွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်ဒရာဘူး လော့ဒ်ဟာ ဟောလိဝုဒ်ကြယ်ပွင့်တွေအနက် အရွယ်တင်သူ တစ်ဦးလို့ ဆိုရမှာပါ။ ဒီအသက်ဒီအရွယ်ရောက်ပေမယ့် မျက်နှာမှာ အရေးအကြောင်းတွေလည်းကင်းကာ လှပနေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။
နက်ဖလစ်ဇ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သွားမယ့် ဆန်ဒရာဘူးလော့ဒ်ရဲ့ ရုပ်ရှင်သစ် “Bird Box” ကိုတော့ လာမယ့် သောကြာနေ့မှာ စတင်ရုံတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်မှာတော့ ဆန်ဒရာဘူး လော့ဒ်ဟာ မယ်လိုရီရှန်နွန်းဇာတ်ကောင်နေရာကနေ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အစမ်းရုပ်ရှင် တွေမှာတော့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၁၄ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ အမည်တူစာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာလည်း ဖြစ်ပါတယ်။
အေးပြည့်