မြစ်ကြီးနား ၁၅ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုဒေသ၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း မြစ်ရေဝင်ရောက်ခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့အထိ အခြေခံပညာကျောင်း(၈)ကျောင်း ပိတ်ထားခဲ့ပြီး အိမ်ထောင်စု ၅၀ဝ ကျော် ရေဘေးသင့်လျက်ရှိသည်။
မြစ်ရေကြီးမှုအခြေအနေနှင့်ပတ်သက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်က “လောလော ဆယ်ကျောင်း (၈) ကျောင်းတော့ ပိတ်ထားရတယ်၊ ရေကထပ်တိုးနေတုန်းပဲ၊ ရေဘေးသင့်အိမ်ခြေများ လာသလို၊ နေ့စဉ်သူတို့ နေထိုင်စားသောက်ရေးအတွက် အခက်အခဲတော့ရှိလာတယ်” ဟု ပြောကြားသည်။
မြစ်ရေကြီးမှုကြောင့် အ.ထ.က၊ ဆင်ဘိုအပါအဝင် အ.မ.က(ရေနားပင်လုံ)၊ အ.မ.က (မြင်သာ)၊ အ.လ.က(ခွဲ)(မံဖွား)၊ အ.မ.က(တာဟိုးနား)၊အ.လ.ကခွဲ(ညောင်ပင်သာ)၊ အ.မ.က(မူလွန်) ငှက်ပျောတော နှင့် အ.မ.က(ဆွန်ဒူ)ကျောင်းများအား ပိတ်ထားခဲ့ရပြီး ကျောင်းသားဦးရေစုစုပေါင်း ၁၄၈၃ ဦးရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ထိုအပြင် ဇူလိုင် (၁၃)ရက်နေ့အထိ ဆင်ဘိုမြို့ အောင်ချမ်းသာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ မြင်သာကျေးရွာအုပ်၊ ရေးနားပင်လုံကျေးရွာအုပ်စု၊ မံဖွားကျေးရွာအုပ်စု၊ တာဟိုးနားကျေးရွာအုပ်စုများ တွင် အိမ်ထောင်စု (၃၈၃)စု၊ လူဦးရေ (၁၀၈၃) ဦးရေဘေးသင့်ခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့တွင် ဧရာဝတီ မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၃၀၇ စင်တီမီတာကျော်လွန်ခဲ့သဖြင့် ဧရာဦးရပ်ကွက်တွင် ၃၃ အိမ် ထောင်စု၊ အောင်ချမ်းသာရပ်ကွက်အတွင်း အိမ်ထောင်စု ၁၀ စု၊ အောင်မင်္ဂလာရပ်ကွက်တွင် အိမ်ထောင် စု ၂၂ စု၊ ရေနားပင်လုံကျေးရွာတွင် အိမ်ထောင်စု ၁၅ စု၊ ညောင်ပင်သာကျေးရွာတွင် အိမ်ထောင်စု ၁၇ စု၊ နောင်ပွဲကျေးရွာတွင် အိမ်ထောင်စု ၂၄ စု၊ နယ်ခြားကျေးရွာတွင် အိမ်ထောင်စု ၇ စုနှင့် တာဟိုးနားကျေး ရွာတွင် အိမ်ထောင်စု ၃၅ စု ၊ စုစုပေါင်းအိမ်ထောင်စု ၂၁၁ စု၊ လူဦးရေ ၇၃၄ ဦးထပ်မံရေဘေးသင့်ခဲ့သဖြင့် စုစုပေါင်းရေဘေးသင့်အိမ်ထောင်စု ၅၅၆ စု၊ လူဦးရေ ၁၆၇၄ ဦးထိရှိလာခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များက အထကကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မရုံ များနှင့် ဆွေမျိုးနေအိမ်များအပါအဝင် ရေလွတ်သည့် ကုန်းမြင့်များပေါ်တွင် ယာယီစခန်းများဖွင့်လှစ်၍ ကူညီကယ်ဆယ်ရွေ့ပြောင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းများအပြင် ရေဘေးသင့်မိသားစုများ စားသောက်ရေးအတွက် ဌာနဆိုင်ရာများ၊ တပ်မတော်နှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ထမင်းထုတ်များနှင့် ရေသန့် ဘူးများကို နေ့စဉ်ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် နယ်မြေခံတပ်မတော်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မျိုးမြင့်စိုး (ပြည်နယ်ပြန်/ဆက်)


