ရန်ကုန် ၂၇ ဇူလိုင်

 

ဆင်ဆာကင်းလွတ်ခွင့် ရရှိလာသည်နှင့်အမျှ ပရိသတ်တို့အတွက် အကောင်းဆုံး ဖန်တီးမှုများကို ပိုမိုလုပ်ကိုင်ခွင့် ရလာသည့်အပေါ် ကျေနပ်မှုရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ရုပ်ရှင်ဇာတ်ကားသည် ယခုကဲ့သို့ ဆင်ဆာကင်းလွတ်ခြင်းဖြင့် ရရှိလာသည့် ခံစားမှုအသစ်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက ပြောကြားသည်။

 

 

ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးစိုးသန်း(ထားဝယ်) တာဝန်ခံထုတ်လုပ်ပြီး  မီးမီး၏ ဇာတ်လမ်းကို  ဒါရိုက်တာ ဝိုင်း ကိုယ်တိုင်ရည်ညွှန်းရေးသားထားပြီး၊   အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေး၊ ရတနာဗို၊ စိုးမိုးကြည်နှင့် အခြားအနုပညာရှင်များစွာတို့က အထူးပါဝင်သရုပ်ဆောင်ထားကြသည်။

 

“အဓိကကတော့ အလင်းရောင်ကို အဓိကဇာတ်ကောင်နေရာကနေ မြင်တွေ့ရမယ့် ရုပ်ရှင်ကားတစ်ကားပါ။ ဒီလိုဖြစ်အောင်လည်း လုပ်ထားပါတယ်။ အရင်တုန်းကလည်း သရီးဂဲလ်၊ ရွှေကြာတို့လို ဇာတ်ကားတွေမှာ အလင်းရောင်က တော်တော်လေး ကြိုးစားထားတယ်။ ကျွန်တော်လည်း ကျေနပ်အားရတယ်။ ဒါကြောင့်လည်း သူ့ကိုဒီကားမှာ အဓိကနေရာပေးထားတယ်”ဟု ဒါရိုက်တာဝိုင်းက ပြောကြားသည်။

 

အဆိုပါဇာတ်ကားသည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဆိုသည့်အတိုင်း မကောင်းသည့် ဓာတ်သဘောကို ဖော်ညွှန်းထားခြင်းဖြစ်ပြီး လူ့အသိုင်းအဝိုင်းတွင် မကောင်းသည့် စိတ်ထား၊ မကောင်းသည့်စိတ်ဖြင့် မကောင်းသည့်အရာများ လုပ်ဆောင်တတ်ကြောင်းကို ဖော်ညွှန်းတင်စားခြင်းဖြစ်သည်ဟု သိရသည်။

 

“ အရင်တုန်းက ဒီလိုဇာတ်မျိုးတွေ မပေါ်လာဘူးဆိုတာ ဆင်ဆာမူဝါဒကြောင့်လို့ ထင်ပါတယ်။ အခုတော့ တော်တော်လေး ကင်းလွတ်ခွင့်ရလာပြီမို့ ဘယ်သူကမှလည်း ဒီလိုပုံစံမျိုး မရိုက်ကြတာမို့ ကျွန်တော်က ဒီလိုဇာတ်မျိုးကို ရိုက်ဖြစ်ခဲ့တာပါ။ ပြင်ဆင်မူပိုင်းဆိုလည်း အလင်းရောင်နေတဲ့ အိမ်ဆိုရင် အိမ်အလွတ်တစ်ခုကို ငှားပြီးတော့  ပစ္စည်းတွေအားလုံးပြင် ဆင်ရတာပါ။ ရေခဲတိုက်ကအစ သစ်ပင်ပုံစံတွေအဆုံး အားလုံပါပဲ။ ဒီကားနဲ့ပတ်သက်ပြီး တစ်ခြား ပရလောက အနှောက်အယှက်ဆိုတာတော့ မရှိခဲ့ပါဘူး။ ကျွန်တော်ကလည်း စရိုက်တဲ့အချိန်ကတည်းက သေသေချာချာကို သတိထားပြီး တကယ့်မိတ်ဆွေရင်း ဘာသာရေးသမားတွေကိုလည်း ခေါ်ဆောင်ပြီး စီစဉ်စရာရှိတာမျိုး ကြိုတင်ပြင်ဆင်ခဲ့ပါတယ်”ဟု ဒါရိုက်တာဝိုင်းကပြောသည်။

 

ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဇာတ်ကားကြီးတွင် နောင်နောင် (အလင်းရောင်)  သာယာ (ဖွေးဖွေး) တို့မှာ ငယ်စဉ်အခါကပင် အိမ်နီးချင်း သူငယ်ချင်းများဖြစ်ကြပြီး  နောင်နောင်မှာ ကုမ္ပဏီတခုမှ  အရောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး သာယာမှာ  အွန်လိုင်းမီဒီယာတခုမှ သတင်းထောက်တစ်ဦးဖြစ်သည်။ နောင်နောင်မှာ  အလုပ်ထဲတွင် အဆင်မပြေရာမှ  သူငယ်ချင်းတစ်ဦး၏ အကူအညီဖြင့်  အောက်လမ်းဆရာတစ်ဦးဆီမှ တို့ဆေးအစီအရင်ဖြင့် ပြုလုပ်ရာမှ အလုပ်တွင်  အဆင်ပြေသွားခဲ့သည်။

 

စိုးမိုး (ကျော်ထက်အောင်) တွင် ပုံပုံ (ရတနာဗို) ဆိုသည့် ညီမလေးရှိပြီး မိဘများဆုံးပါးသွားသည့် အချိန်မှစ၍ ညီမငယ်အတွက် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းနေသည့် လူပျိုကြီးဖြစ်သည်။ သာယာနှင့်မွေးနေ့ပွဲတစ်ခုတွင် ဆုံတွေ့ရာမှ ချစ်သူတွေဖြစ်သွားခဲ့ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့ကြသည်။

 

ထိုအကြောင်းအရာများကို" နောင်နောင်"သွားရာမှ  ငယ်ငယ်တည်းကချစ်ခဲ့ရသူ "သာယာ" ကို ဆုံးရှုံးရမည်အရေး စိုးရိမ်သည့်စိတ်ဖြင့်  အောက်လမ်းနည်းအစီအရင်များဖြင့် မလုပ်သင့်မလုပ်အပ်သည်များကို ပြုလုပ်ရာမှ ဖြစ်ပေါ်လာသည့်  မကောင်းသည့်အကျိုးဆက်ကို ရိုက်ကူးပုံဖော်ထားသည့်  ဇာတ်ကားကြီးဖြစ်သည်။

 

ကိုလင်း