mdn

ကိုရင်ဩ - ရေးသားသည်

 

ရက်ပေါင်းအတန်ကြာမျှ အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ကြရပြီးနောက် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များကို အပြီးသတ်ရွေးချယ်နိုင်ရေး အတွက် သဘောတူညီချက်ရရှိကြပြီဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ဥရောပတိုက်၏ အနာဂတ်ရေးကို ပုံဖော်ထုဆစ်ကြမည့် ပုဂ္ဂိုလ်ကြီးများ၏ ပုံရိပ်လွှာကို အသာအယာငဲ့စောင်း ရှုစားမိလေ၏။အီးယူကို ဦးဆောင်မည့် အရေးအပါဆုံး ရာထူးဌာန္တရ ငါးဌာနတွင် တာဝန်ယူကြမည့် ပုဂ္ဂိုလ်များကိုဆန်ခါတင် ရွေးချယ်နိုင်ရေးအတွက် ဥရောပတစ်လွှား မှ ခေါင်းဆောင်ကြီးများက အမည်စာရင်းတင်သွင်းမှုကိုဇူလိုင် ၃ ရက်တွင် အပြီးသတ် ပြုလုပ်နိုင်ခဲ့ကြလေပြီ။

 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့၌ ပြုလုပ်သော ဥရောပခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲတွင်ဥရောပ၏ ဦးသျှောင်အဖွဲ့အစည်းကြီးဖြစ်သော အီးယူ၏ ထိပ်တန်းရာထူးနေရာများအတွက် ရွေးချယ်နိုင်ရန်နိုင်ငံအလိုက် အပြိုင်အဆိုင် အမည်စာရင်းတင်သွင်းခဲ့ကြပြီးလျှင် ခေါင်းဆောင်ကြီးများ တစ်ဦးနှင့်တစ်ဦး စူးစူးဝါးဝါး ဆွေးနွေးငြင်းခုံခဲ့ကြရ၏။

 

ရွေးချယ်ခံကြရ

 

တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြိုင်အဆိုင် “ဇက်ကုန်လွှတ်” ဆွေးနွေးငြင်းခုံခဲ့ကြပြီးသော် ဂျာမနီကာကွယ်ရေးဝန်ကြီး အာစူလာဗွန်ဒါလီယန်းက ဥရောပ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ရွေးချယ်ခံရ၏။ သူနည်းတူ အခြားအမျိုးသမီး တစ်ဦးဖြစ်သူ ခရစ္စတင်း လဂတ်က ဥရောပဗဟိုဘဏ်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။ ကျန်သူ သုံးဦးမှာကား အမျိုးသားများဖြစ်ကြပြီး ဥရောပကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ချားလ်မီချဲ၊ အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲအဖြစ် ဂျိုးဇက်ဘော်ရဲလ်နှင့် အီးယူပါလီမန်ဥက္ကဋ္ဌ ဒေးဗစ်ဆက်ဆိုလီတို့ အသီးသီးအသက အသက ရွေးချယ်ခံကြရ၏။

 

ဥရောပသမဂ္ဂအား ဦးဆောင်မည့်ပုဂ္ဂိုလ် လေးဦးကိုဇူလိုင် ၂ ရက်တွင် အပြီးသတ် ရွေးချယ်နိုင်ခဲ့ကြပြီး အီးယူပါလီမန်ကို ဦးဆောင်မည့် ပုဂ္ဂိုလ်တစ်ဦးကို ဇူလိုင်၃ ရက်တွင် နောက်ဆုံးပိတ် တင်မြှောက်နိုင်ခဲ့ကြသည်။

 

နိုင်ငံရေးအရလည်းကောင်း၊ ပထဝီဝင်နယ်မြေအရ လည်းကောင်း ဥရောပတိုက်ကြီး နှစ်ခြမ်းကွဲခြင်း မရှိရလေအောင် မိမိတို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိ၏နိုင်ငံနှင့် ဂျာမနီနိုင်ငံအကြား မိတ်ဆွေကောင်း ပီပီသသ အပြန်အလှန်နားလည်မှုရှိရှိ စစ်မှန်သောရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့ကြပြီဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမင်နျူယယ် မေခရွန်က သဘောတူညီချက်ရရှိခဲ့ပုံကို သုံးသပ်ပြောဆိုခဲ့သည်။

 

အီးယူ၏ ထိပ်တန်းရာထူးဌာန္တရ ငါးနေရာအတွက် အပြီးသတ် ရွေးချယ်ခဲ့ကြပြီးဖြစ်သော်လည်း ယင်းပုဂ္ဂိုလ် ငါးဦးနှင့်ပတ်သက်၍ အီးယူပါလီမန်က အတည်ပြုပေးရန် လိုအပ်နေသေးသည်။ဥရောပတစ်လွှား အားပြိုင်မှု အငွေ့အသက်တို့ထောင်းလမောင်းထစေခဲ့ရသော ရွေးချယ်ပွဲကြီးတွင်ပွေပွေလီလီ ဆွေးနွေးငြင်းခုံခဲ့ကြပြီးခါမှ “ထင်ပေါ်၍ စင်တော်ကောက်”ခံရသူ ပုဂ္ဂိုလ်ငါးဦး၏ အံ့ဘနန်း အစွမ်းအစများ အသို့ရှိသည်ကို ကျွန်ုပ်သိရှိနိုင်ရန်ဆက်လက်၍ စေ့ငုကြည့်လေသော် -

 

အာစူလာဗွန်ဒါလီယန်

 

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ လက်ရုံး ဖြစ်သူ ဗွန်ဒါလီယန်းမှာ အမျိုးသမီး ဝန်ကြီးတစ်ဦးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနကို လက်ရှိဦးဆောင်နေသူဖြစ်သည်။ နိုင်ငံကို ကာလသမနိရှည် အုပ်ချုပ်ခွင့်ရ သူဝန်ကြီးချုပ် မာကဲလ်၏ ရာထူးအရိုက်အရာက ဆက်ခံမည့်သူအဖြစ် ထင်ကြေးပေး ပြောဆိုခံရသူဖြစ်သည်။

 

အသက် ၆၀ အရွယ်ရှိ ဗွန်ဒါလီယန်းမှာ လုပ်ရဲရဲ၊ ပြောရဲရဲရှိလှပြီး “ပြင်သစ်ဘက် ယိမ်းသူ” (ဝါ) Francophile တစ်ဦးဟုဆိုကြ၏။ ပြင်သစ်-ဂျာမနီကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြသူဗွန်ဒါလီယန်းသည် တစ်ချိန်တစ်ခါက “အမှားကင်းသော နိုင်ငံရေးသမား”တစ်ဦးအဖြစ် ထင်ပေါ်ကျော်စောရှိခဲ့၏။

 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့ဖွား ဗွန်ဒါလီယန်း သည် သားသမီး ခုနစ်ဦး၏ မိခင်ဖြစ်ပြီး ရင်သွေးများအပေါ် အနစ်နာခံ၍ ပြုစုစောင့်ရှောက်ခဲ့သကဲ့သို့ ပြည်သူများ အပေါ် စေတနာထား၍ အလုပ်အကျွေးပြုခဲ့၏။ သို့ဖြစ်လင့်ကစား ဂျာမနီကာကွယ်ရေးဝန်ကြီးအဖြစ် ခြောက်နှစ်တာကာလပတ်လုံး ဖြတ်သန်းခဲ့ရာတွင် အရှုပ်အထွေး တစ်ပုံတစ်ပင်အကြား ရိုက်ခတ်မှုအများအပြားဖြင့် အပြော ကျယ်လှသည့် နိုင်ငံရေးသမုဒ္ဒရာ ကို ဖြတ်ကူးခဲ့ရသူဖြစ်၏။

 

ဂျာမနီနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအတွင်း “လက်ယာယိမ်း အစွန်းရောက်ဝါဒ” လက်ခံသူအချို့ရှိနေသည့် ပြဿနာ၊ ဘတ်ဂျက် အကန့်အသတ်ရှိနေသည့်ကြားမှ စစ်ရေးစွမ်းပကားကို မြှင့်တင်နိုင်ရေးနှင့် စစ်လက်နက် ကိရိယာများနှင့် စစ်ယာဉ်များ ဝယ်ယူဖြည့်တင်းနိုင်ရေး ပြဿနာတို့ကို သူရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။

 

ဂျင်းကလောယွန်ကာ၏ ရာထူးနေရာကို ဆက်ခံမည့်ဗွန်ဒါလီယန်းကို မျက်စိစပါးမွှေး စူးနေကြသူများမှာ အီးယူပါလီမန်ရှိ “ဆိုရှယ်လစ်အုပ်စု”မှ အမတ်များဖြစ်ကြသည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် သူတာဝန် ယူမည့်အရေးကို ယင်းအမတ်များက လိုလိုလားလား မရှိကြချေ။

 

ဥရောပကော်မရှင်သည် အီးယူ၏ အလုပ်အမှုဆောင်အဖွဲ့ (ဝါ) စီမံခန့်ခွဲရေးအဖွဲ့ ဖြစ်ပြီးလျှင် ဥပဒေများ ရေးဆွဲအဆိုပြုခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ အီးယူ၏ စာချုပ်စာတမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ အီးယူ၏ နိစ္စဓူဝကိစ္စရပ်များကို စီမံခန့်ခွဲခြင်း စသည့်တာဝန်များကိုရယူထားသည်။ ကော်မရှင်ဥက္ကဋ္ဌရာထူး သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

 

ခရစ္စတင်းလဂတ်

 

အသက် ၆၃ နှစ်ရှိ ပြင်သစ်သူ ခရစ္စတင်းလဂတ်သည်အမြင့်ဆုံးရာထူးနေရာအတွက် ထိုးဖောက်ဝင်ရောက်လာ နိုင်သူ မိန်းမသားဖြစ်သည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကို ဦးဆောင်သည့် ပထမဆုံးသော အမျိုးသမီးတစ်ဦးဖြစ်သူ လဂတ်မှာ ယခုအခါ ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာအတွက် အမည်စာရင်း တင်သွင်းခံထားရသည်။

 

အမေရိကန် ဥပဒေအကျိုးဆောင်ကုမ္ပဏီကြီးတစ်ခု၏ ပထမဆုံးသော အမျိုးသမီး အကြီးအကဲတစ်ဦးလည်း ဖြစ်ခဲ့သူ လဂတ်က ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌရာထူးအတွက်အမည်စာရင်းတင်သွင်းခံရသည့် ကာလအတွင်း အိုင်အမ်အက်ဖ်၏ ဦးဆောင်ညွှန်ကြားရေးမှူးတာဝန်ကို ခေတ္တစွန့်လွှတ်ခွင့်ပြုရန် အိုင်အမ်အက်ဖ် အမှုဆောင်ဘုတ်အဖွဲ့၏ ကျင့်ဝတ်ကော်မတီထံ မေတ္တာရပ်ခံခဲ့သည်။ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ၏ ရာထူးသက်တမ်းမှာ ရှစ်နှစ်ဖြစ်ပြီး သက်တမ်း နှစ်ဆက် တာဝန်ထမ်းရွက်ခွင့်မရှိပေ။ ဥက္ကဋ္ဌသည် အီးယူ၏ ငွေကြေးမူဝါဒကို ရေးဆွဲချမှတ်ရန်နှင့် အကောင်အထည်ဖော်ရန် တာဝန်ယူရသည်။

 

လဂတ်သည် ဥရောပငွေကြေးအဖွဲ့ အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဥရောပဗဟိုဘဏ် အုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း ပူးတွဲတာဝန်ယူရမည်ဖြစ်သည်။ အတိုးနှုန်းများ မြှင့်တင်ခြင်း သို့မဟုတ် လျှော့ချခြင်းတို့နှင့် ပတ်သက်၍လည်းကောင်း၊ အီးယူစီးပွားရေးကို မောင်းနှင်နေသော အဓိကယန္တရားများနှင့်ပတ်သက်၍ လည်းကောင်း အပြီးသတ်ဆုံးဖြတ်ခွင့်ပေးနိုင်သူမှာ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်သည်။

 

ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌသည် ဥရောပပါလီမန်ထံသို့သုံးလပတ် အစီရင်ခံစာများကို ပုံမှန်တင်သွင်းရပြီး ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များအထိ သိကြားစေလိုသော အကြောင်းခြင်းရာများနှင့်ပတ်သက်၍ မိန့်ခွန်း ပြောကြားမှုကို ပုံမှန်ပြုလုပ်ရသည်။ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ၏ နှုတ်မြွက်စကားမှာ အတိမ်းအစောင်းမခံနိုင်ဘဲ မူဝါဒလမ်းညွှန်ချက်ဖြစ်ပေရာ အီးယူ၏ စီးပွားရေးလမ်းကြောင်းကို ပြောင်းလဲစေနိုင်သည်အထိ အကျိုး သက်ရောက်မှု ကြီးမားလှပေသည်။

 

ချားလ်မီချဲ

 

အသက် ၄၃ နှစ်ရှိ မီချဲမှာ ပြင်သစ်စကားပြော လစ်ဘရယ်တစ်ဦးဖြစ်ကာ ပြုပြင်ပြောင်းလဲရေးဝါဒီလှုပ်ရှားမှု ပါတီမှဖြစ်သည်။ နိုင်ငံရေးလောကအတွင်းသို့ရောက်ရှိလာသည်မှာ မကြာမြင့်သေးသော်လည်း ရာထူး အဆင့်ဆင့် အတက်မြန်လှသူဖြစ်သည်။ မီချဲ၏ ဖခင်ဖြစ်သူမှာ ဥရောပမဟာမင်းကြီး (ကော်မရှင်နာ)အဖြစ် တာဝန်ယူခဲ့သူဖြစ်ရာ ဖခင်၏ခြေရာကို နင်းနိုင်သူဟုဆိုရချိမ့်မည်။

 

ဘယ်လ်ဂျီယံ ခေတ္တဝန်ကြီးချုပ် မီချဲသည် ဥရောပ  ကောင်စီကို ဦးဆောင်ရန် တာစူလျက်ရှိလေပြီ။

 

ဥရောပကောင်စီသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများကို ကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်ပြီး အီးယူ၏နိုင်ငံရေး ရည်မှန်းချက်များအတွက် အကောင်အထည်ဖော်ခြင်း၊ လမ်းညွှန်ချက် များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းတို့အတွက်တာဝန်ယူရသည်။

 

ဂျိုးဇက်ဘော်ရဲလ

 

အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲအဖြစ်တာဝန်ယူမည့် ဘော်ရဲလ်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်သည့် စပိန်ဆိုရှယ်လစ်တစ်ဦးဖြစ်သည်။ ဘော်ရဲလ်သည် စပိန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း ကာတာလိုနီးယားဒေသ ခွဲထွက်မှု အရေးအခင်းကို ကိုယ်တွေ့ကြုံခဲ့ရသည်။ သူသည်မကြာသေးမီလများအတွင်း ဗင်နီဇွဲလားအရေးနှင့်ပတ်သက်၍ တက်ကြွစွာပြောဆိုခဲ့ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့ကို ပုံမှန်ဝေဖန်ခဲ့သည်။အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ရာထူးနေရာ ကို လွန်ခဲ့သည့် ၁၀ နှစ်က စတင်ဖော်ဆောင်ခဲ့ပြီး ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန်အဖြစ် တာဝန်ဝတ္တရား များကို ထမ်းရွက်ရသည်။

 

ငါးနှစ်သက်တမ်းရှိ အဆိုပါရာထူးတွင် တာဝန်ယူရ သူမှာ ဥရောပကော်မရှင်နှင့် ဥရောပကောင်စီ နှစ်ရပ်စလုံးတွင် အဖွဲ့ဝင်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးများတွင် သဘာပတိအဖြစ်တာဝန်ယူရပြီး နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၏ ထိပ်သီး ဆွေးနွေးပွဲများ သို့လည်း တက်ရောက်ရသည်။

 

ဒေးဗစ်ဆက်ဆိုလီ

 

အီးယူပါလီမန်ဥက္ကဋ္ဌ ဖြစ်လာမည့်သူမှာ အီတလီဆိုရှယ် ဒီမိုကရက်တစ်ဦးဖြစ်ပြီး ဥရောပပါလီမန်၏ လက်ရှိအမတ်တစ်ဦးဖြစ်သူ ဒေးဗစ်ဆက်ဆိုလီ (၆၃ နှစ်) ဖြစ်သည်။ဥရောပပါလီမန်ကို ပဲ့ကိုင်မည့် လွှတ်တော် ဥက္ကဋ္ဌ ကြီးအဖြစ် ဆက်ဆိုလီသည် ဥရောပ ပါလီမန်အမတ်အများစု၏ထောက်ခံမှုဖြင့် ရွေးချယ်ခံခဲ့ရသည်။ သူသည် အန်တိုနီယိုတာဂျန်နီ၏ အရိုက်အရာကို ဆက်ခံမည်ဖြစ်သည်။ဥရောပတစ်လွှား အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းထောင်ထလာနေမှုကို ဆက်ဆိုလီက အတိအလင်းသတိပေးခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုတို့နှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ ဥပဒေစည်းမျဉ်းများကို ပြုပြင်ပြောင်းလဲရန် အလေး အနက် တိုက်တွန်းခဲ့သည်။

 

နိုင်ငံပေါင်း ၂၈ နိုင်ငံဖြင့် ဖွဲ့စည်းထားသော ဥရောပ သမဂ္ဂသည် ဥရောပနိုင်ငံများအတွင်း စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးမူဝါဒများ တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိပေရာ အီးယူ၏ ထိပ်တန်းရာထူးဌာန္တရ ရာထူးများကို လက်ခံကြမည့်ပုဂ္ဂိုလ်များမှာ အတွေ့အကြုံအရရော၊ ဉာဏ်ပညာအရပါ ထူးချွန်ထက်မြက်သူများအဖြစ် ထင်ပေါ်ကျော်ကြားကြ ပြီးဖြစ်၏။ ထင်ပေါ်၍ စင်တော်ကောက်ခံရသူ ခေါင်းဆောင်ကောင်းများက အဖွဲ့အစည်းတစ်ရပ်ကိုတော်တည့် မှန်ကန်စွာဦးဆောင်ကြခြင်းဖြင့် ဥရောပ တိုက်ကြီး ယနေ့ ကြုံတွေ့နေရသော ပြဿနာများကိုသိမ်မွေ့ညင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးတောမိရင်း “ဆင်စီးလိမ္မာ ချွန်းသာသာအုပ်”ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။

 

Ref: New leaders nominated to take the helm of EU after tense talks (FRANCE 24);