ညောင်ဦး ၄ ဇွန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းသုံးခုသို့ ဇွန် ၄ ရက်နေ့က မန္တလေးမြို့အလှူရှင်တစ်ဦးက ဝါးနက် ဆင်စခန်း၊ မှော်ယောကြီးဆင်စခန်းနှင့် ပလင်းကမ်းသာယာဆင်စခန်းသို့ ဆင်စာဘူဖေး ကျွေးမွေးခဲ့ကြောင်း သိရသည်။
မြန်မာပြည်အရပ်ရပ်ရှိ ဆင်စခန်း(၂၂)ခုအား မတ်လ ၂၅ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်သည့် အနေဖြင့် ယာယီစတင်ပိတ်ထားခဲ့ရာ မြို့ကိုအမှီပြုဖွင့်လှစ် ထားသည့် ဆင်စခန်းများမှာ လွှတ်ကျောင်းဖို့ အခက်အခဲရှိခြင်းနှင့် တောတောင်သဘာဝနေရာ များအား အခြေခံ ဖွင့်လှစ်ထားသည့် ဆင်စခန်းများမှဆင်များလွှတ်ကျောင်းရန် ဆင်စားကျက် ရှိခြင်းများကြောင့် ဆင်များစားသောက်ရန် အဆင်ပြေကြကြောင်း မြန်မာပြည်ရပ်ရပ်က ဆင်ချစ်သူများက ဆင်စခန်းများမှ ဆင်များစားရန်အတွက် ဆင်ဘူဖေးကျွေးမွေးမှု များပြားလာခဲ့ရာ ဇွန်လ ၃ ရက်နေ့က မန္တလေးမြို့ ဦးသက်ဆွေ+ဒေါ်မိုးလင်းချစ်ဌေး မိသားစုမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် မှော်ယောကြီးဆင်စခန်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာ၊ ဝါးနက်ချောင်းဘေးတွင် ဖွင့်လှစ်ထားသည့် ဝါးနက်ဆင်စခန်း၊ ညောင်ဦးမြို့နယ် ပုလင်း(အနောက်) ကျေးရွာအနီး ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ ဆင်စာဘူဖေး လှူဒါန်းခဲ့ကြောင်း၊ တစ်နေ့စာဆင်စာဘူဖေးအတွက် ဆင်စခန်းတစ်ခု တစ်သိန်းကျပ်စီ လှူဒါန်းခဲ့ရာ ဆင်စခန်းသုံးခုအတွက် သုံးသိန်းကျပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်စာဘူဖေးလှူဒါန်းခြင်းအတွက် ဆင်စခန်းတာဝန်ခံများမှ ရာသီပေါ်သီးနှံ များဖြစ်သည့် ကြံ၊ ဖရဲ၊ သရက်၊ ပြောင်းဖူး၊ ငှက်ပျော၊ သခွားနှင့် ဖရုံသီးများအား ဆင်စာဘူဖေးကျွေးမွေးသည့် စင်ပေါ်တွင် စုပုံထားပြီး နေပီရာမြက်၊ ကိုင်းမြက်တို့ဖြင့်အလှဆင်ကာ ဆင်စာဘူဖေးကျွေးကြကြောင်း ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မှော်ယောကြီးဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးကျော်ကျော်ထွန်းကရှင်းပြသည်။ ဝါးနက်ဆင်စခန်းတွင် ဆင်(၆)ကောင်၊ ဒီးဒုတ်ဆင်စခန်းတွင် ဆင်(၆)ကောင်၊ မှော်ယောကြီးဆင်စခန်းတွင် ဆင်(၁၅)ကောင်နှင့် ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဆင်(၇)ကောင်ရှိကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုမှရှင်းပြကာ မြန်မာပြည်အရပ်ရပ်ရှိ တိုင်းနှင့်ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း(၂၂)ခုရှိ မိမိတို့လှူဒါန်းလိုသည့် ဆင်စခန်းများအား ဆင်စခန်း Page များတွင် ဝင်ရောက်ကာ ဆက် သွယ်လှူဒါန်းနိုင်းကြောင်းလည်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


