ငပုတော ၂၄ ဇန်နဝါရီ
ပြည်သူများအားလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရန်အတွက် ကာကွယ်ဆေးတိုက်ကျွေးရန်နှင့် ဆေးတိုက်ကျွေးရာတွင် ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ငပုတောမြို့နယ်အတွင်းရှိ ရေငံသရက်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဟန်ဝင်းအောင်နှင့် ကျေးလက် ကျန်းမာရေးမှူး ဒေါ်အေးအေးမွန်တို့က ကာကွယ်ဆေး တိုက်ကျွေးရမည့် ပမာဏနှင့် အသက်အရွယ် အပိုင်းအခြား၊ ကာကွယ်ဆေး မသောက်သင့်သူများနှင့် ဆေးသောက်ရမည့်အချိန်များအားလည်းကောင်း၊ ဆေးသောက်ပြီး အခြားလက္ခဏာများဖြစ်ပေါ်လာပါက သောက်သုံးရမည့် ဆေးအမျိုးအစားများ အကြောင်းကို အသိပေး ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးတိုက်ကျွေးရာတွင် ကျေးရွာနေ ပြည်သူများအားလုံး ပူးပေါင်းကူညီကြရန်နှင့် ဆေးတိုက်ကျွေးမည့် ကာလကို ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)