နေပြည်တော်  ၁၀ ဇန်နဝါရီ

 

ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက် လူအားလုံးဆေးကျွေးခြင်း ဗဟိုအဆင့်အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပေါ်တွင် လူဦးရေသန်း ပေါင်း (၈၅၆) သန်းသည် ဆင်ခြေထောက်ရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိသောနိုင်ငံပေါင်း (၅၂)နိုင်ငံတွင် နေထိုင်လျှက်ရှိပြီး၊ လူဦးရေသန်း(၁၂၀)၌ ဆင်ခြေထောက်ရောဂါ ကူးစက်မှုရှိနေ ပါကြောင်း၊ လူဦးရေသန်း (၄၀) ကျော်မှာ ဆင်ခြေထောက်ရောဂါလက္ခဏာ တစ်ခုခုကိုခံစား နေရပြီးသန်း(၇၀)ကျော်မှာ ရောဂါလက္ခဏာမပြဘဲရောဂါငုတ်နေသည့် ခြေအနေတွင်ရှိပါကြောင်း၊ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံ(၁၁)နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် (၇)  နိုင်ငံသည် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိပြီး၊ ပြည်သူလူထုအတွင်း ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လျှက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါမြစ်တွယ်မှုရှိသော ခရိုင်ပေါင်း(၄၅)ခရိုင် ရှိပါကြောင်း၊ လူအားလုံးဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင်(၁)ကြိမ်အနည်းဆုံး(၅)နှစ်ဆက်တိုက် တိုက်ကျွေး ရမှာဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွက် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ(၂၂)ရက်မှ(၃၁)ရက်အတွင်း ခရိုင်ပေါင်း (၃၃) ခရိုင်၊ မြို့နယ်ပေါင်း(၁၉၂) မြို့နယ်မှ လူဦးရေ(၃၂)သန်းခန့် တိုက်ကျွေးနိုင်ပါကြောင်း၊ ယခုအခါတွင် ကချင်ပြည်နယ်မှ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေး၊ တမူး၊ ကသာခရိုင်၊ မကွေးတိုင်းဒေသကြီးမှ မင်းဘူးခရိုင်၊ မန္တလေးတိုင်းဒေသကြီးမှ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်၊ ရခိုင်ပြည်နယ်မှ သံတွဲနှင့် ကျောက်ဖြူခရိုင် စုစုပေါင်းခရိုင်(၁၀)ခုတို့တွင် လူဦးရေ (၁၀ဝ၀)လျှင် ဆင်ခြေထောက် ရောဂါပိုးရှိသူ တစ်ယောက်ထက်လျော့နည်းလာပြီးဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံဆင်ခြေထောက်ရောဂါကင်းဝေးရန်အတွက် ဆေးသောက်ရမည့် ဦးတည်အုပ်စု တွင် ပါဝင်သူများအားလုံး ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက်မှ တိုက်ကျွေးမည့်ဆေး များကို ယုံယုံကြည်ကြည်နှင့် အမှန်တကယ်သောက်သုံးနိုင်ရန်အတွက် လူအားလုံးဆေးကျွေး ခြင်း လုပ်ငန်းကို  အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက် လူအားလုံးဆေးကျွေးခြင်းဗဟိုအဆင့် အသိပညာပေး TV Spot ပြသသည်။

 

ယင်းနောက် ရောဂါနှိမ်နင်းရေးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်နှင့်  သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်)မှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာနေရည်ရည်လင်း တို့ က ဆင်ခြေထောက်ရောဂါကင်းဝေးရေးဆောင်ရွက်မည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များ၊  ၂၀၁၈ ခုနှစ်အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ ကြသည်။ 

 

အဆိုပါ အခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြား ရေးမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန် ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ စီမံချက်မန်နေဂျာများ၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)

 

DSC_4