မကွေး ၇ သြဂုတ်
ခြင်ကြောင့်ဖြစ်သော ဆင်ခြေထောက်ရောဂါအား ကာကွယ်ရန် တိုက်ကျွေးသည့် (သန်ချဆေးပေါင်း)ဆေးကို အကြောင်းအမျိုးမျိုးပြကာ မသောက်ကြသူများရှိနေပြီး ပြည်သူလူထုပူးပေါင်းပါဝင်ကာ ဆေးသောက်ကြရန် လိုအပ်ကြောင်း မကွေးတိုင်းငှက်ဖျားဌာန၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကြည်သာဆွေ ထံက သိရသည်။
ဆေးမသောက်ချင်သူများက ဆေးသောက်ပြီးလျင် မူးဝေခြင်း၊ ပျို့တတ်ခြင်းများ ဖြစ်တတ်ကြောင်း၊ မိမိတို့တွင် ရောဂါလက္ခဏာ မရှိကြောင်း စသည့်အကြောင်းပြချက်များဖြင့် ကိုယ်တိုင်လည်းဆေးမသောက်၊ မိသားစုဝင်များကိုလည်း ဆေးသောက်ရန် တိုက်တွန်းခြင်းမရှိသည့် အခြေအနေများ ရှိနေသည်။
“ဖြစ်လာရင် ကုမရတော့လို့ ကြိုတင်ပြီးတော့ ကာကွယ်ဆေးအနေနဲ့ သောက်ခိုင်းတာ။ ရောဂါပိုးစဝင်ချိန်က ၅နှစ်ကနေ ၇နှစ်ထိကြာတယ်။ တန်းမဖြစ်တော့ လူတွေကမကြောက်ဘူးပေါ့။ နာမည်အတိုင်းပဲ ဆင်ရဲ့ခြေထောက်ကြီးလို ဖြစ်လာတဲ့အချိန်ကျမှ ဆေးသောက်ချင်ပါတယ်ဆိုပြီး နောက်ပြန်သွားလို့မရတော့ဘူး။ မသေနိုင်ဘူးဆိုပေမယ့် နာတာရှည် လူမှုဘဝကြီးကို ထိခိုက်တဲ့ ရောဂါပါ။ ပြည်သူလူထုပူပေါင်းပါဝင်ပြီး ကာကွယ်ဆေးသောက်မှ ဒီရောဂါကိုကာကွယ်နိုင်မှာပါ ” ဟု ဒေါက်တာကြည်သာဆွေ က ဆိုသည်။
ကာကွယ်ဆေးကို လူကြီးတစ်ဦးလျှင် ဆေး(၃)ပြားနှင့် ဆေး(၁)တောင့်၊ ကလေးအသက်အလိုက် ဆေး(၂)ပြား၊ (၃)ပြားနှုန်းဖြင့် အစာစားပြီးသောက်ရန် ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ အိမ်အရောက် လိုက်လံဝေငှခြင်းများကို ဇူလိုင်လအတွင်းက ဆယ်ရက်ကြာ လုပ်ဆောင်ထားကြောင်း၊ ၂၀၂၁/၂၀၂၂ ခုနှစ်ထိ ဆေးသက်တမ်းရှိသောကြောင့် မသောက်ရသေးသူများ သောက်သုံးနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
“ဆေးကတော့ ပေးလိုက်တယ်။ ညကျမှသောက်လိုက်မယ်ဆိုတာတို့၊ ငြင်းတာတို့ရှိတယ်။ ဆေးကို အယောက် တစ်ရာပေးလိုက်ရင် တစ်ကယ်တမ်းပါးစပ်ထဲရောက်တာက ငါးဆယ်၊ ခြောက်ဆယ်လောက်ပဲ ရှိတယ်။ လူတစ်ယောက် ငါးနှစ် ငါးကြိမ် ဆက်တိုက်ဆေးသောက်မှ ရောဂါပိုးကင်းမှာပါ။ နှစ်ကျော်သွားလို့ မရပါဘူး”ဟု ဒေါက်တာကြည်သာဆွေ ကပြောသည်။
နိုင်ငံတကာအလှူရှင်များပံ့ပိုးမှုဖြင့် မကွေးတိုင်း၌ (၁၇)နှစ်ဆက်တိုက် တိုက်ကျွေးလာခဲ့သည့် ကာကွယ်ဆေး များထဲတွင် အပြင်ဆေးဆိုင်များ၌ ဝယ်မရသည့် တန်ဖိုးကြီးဆေးများပါဝင်နေပြီး ၂ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါတစ်ခုခုစွဲကပ်၍ အိပ်ရာထဲ လဲနေသူများကိုသာ တိုက်ကျွေးခြင်းမပြုရန် ကန့်သတ်ထားကြောင်း ပြည်သူ့ကျန်း မာရေးဦးစီးဌာန က သိရသည်။
ဇေယျတု(မကွေး)
