ရာသီဥတုက မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ စွတ်စိုထိုင်းမှိုင်းသည့်အလျောက် ခြင်ပေါက်ပွားမှုကလည်း ပိုမိုများပြားလာသည်။ ခြင်သည် ရောဂါပိုးမွှားကို သယ်ဆောင်နိုင်သည့် သတ္တဝါဖြစ်ခြင်းကြောင့် ခြင်ပေါများသည့်အခါ ရောဂါတို့လည်း အဖြစ်များလာသည်။ အထူးသဖြင့် ချင်ကန်ဂူညာ (Chikungunya) ခေါ် ဆင်တုပ်ကွေးဖြစ်ပွားမှု များပြားလာကြောင်း ကျန်းမာရေးနယ်ပယ်မှ သိရသည်။

ချင်ကန်ဂူညာခေါ် ဆင်တုပ်ကွေးရောဂါ စတင်ဖြစ်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်က အာဖရိကတိုက် တန်ဇန်နီးယားနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာရှသို့ ကူးစက်လာသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၆၀ ခန့်၌ ဆင်တုပ်ကွေးက ဒုက္ခပေး နေသည်ဟု ဆိုသည်။ ဆင်တုပ်ကွေးသည် အသက်အန္တရာယ် စိုးရိမ်ရသည့် ရောဂါမျိုး မဟုတ်သော်လည်း အသက်ကြီးသူ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိနေသူများအဖို့မူ ဂရုထားရမည်ဟုလည်း သတိပေးထားသည်။ ခြင်ကျား ကိုက်ရာမှဖြစ်စေ၊ ရောဂါဖြစ်နေသူမှတစ်ဆင့်ဖြစ်စေ ဆင်တုပ်ကွေးက ကူးစက်တတ်သည်။ ကူးစက်ခံရပြီး သုံးရက်မှ ငါးရက်အတွင်း အဖျားကြောင့် ချမ်းတုန်လာမည်၊ အဆစ်အမျက်တို့ နာကျင်ကိုက်ခဲမည်၊ ခေါင်းကိုက်မည်၊ မူးဝေအော်ဂလီဆန်မည်၊ ခန္ဓာကိုယ် ကြွက်သားများ နာကျင်ပြီး ကိုယ်ပူချိန်တက်နေမည်၊ အရေပြားများပေါ်တွင် အနီစက်များ တွေ့ရမည်။ ရောဂါဖြစ်စ အစောပိုင်း လက္ခဏာများမှာ သွေးလွန်တုပ်ကွေး၊ ဇီကာအဖျားရောဂါတို့နှင့် ဆင်ဆင်တူ၍ လွဲမှားနိုင်သည်ဟုလည်း ဆိုသည်။

သွေးလွန်တုပ်ကွေး၊ ဇီကာနှင့် ချင်ကန်ဂူညာ (ဆင်တုပ်ကွေး)တို့ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်သူမှာ အေးဒီးစ်(Aedes)ခေါ် ခြင်ကျားဖြစ်သည်။ ခန္ဓာကိုယ်တွင် အဖြူရောင်အစက်အပြောက်များ ပါရှိခြင်းကြောင့် ခြင်ကျားဟုခေါ် ကြခြင်းဖြစ်သည်။ ခြင်ကျား၏ မူလဇာတိမှာ အပူပိုင်းဒေသများမှ ဖြစ်သော်လည်း ယခုအခါ အန္တာတိကမှလွဲ၍ ကမ္ဘာအရပ်ရပ်တွင် တွေ့နေရပြီဟု သိရသည်။ ကမ္ဘာအရပ်ရပ်သို့ ပြန့်သွားရသည့် အဓိက အကြောင်းရင်းမှာ တစ်ပတ်ရစ် ကားတာယာများ အရောင်းအဝယ် ပြုလုပ်ရာမှဖြစ်သည်ဟု ဆိုသည်။ ကားတာယာများ၏ အတွင်းပိုင်း မှောင်နေသည့် နေရာများသည် ခြင်ကျားတို့ အကြိုက်နှစ်သက်ဆုံးသော ခိုအောင်းရာ နေရာများ ဖြစ်ကြသည်။ ခြင်ကျားတစ်ကောင်၏ သက်တမ်းမှာ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး ရက်သတ္တနှစ်ပတ်မှ တစ်လအတွင်းဖြစ်သည်။ ဥဘဝတွင် နှစ်ရက်ခန့်၊ ပိုးလောက်လမ်းဘဝတွင် လေးရက်ခန့်၊ ခြင်သားလောင်းဘဝတွင် နှစ်ရက်ခန့် ဖြတ်သန်းပြီးမှ အရွယ်ရောက်လာသည်။ ခြင်ကျားအမတစ်ကောင်သည် သွေးကို အစာအဖြစ် စုပ်ယူပြီးနောက် ဥ တစ်ရာမှ နှစ်ရာအတွင်း ဥနိုင်သည်။ ရေကြည်ရေသန့်တွင်သာ ပေါက်ပွားကြပြီး လူကို နေ့ဘက်တွင် ကိုက်ကာ သွေးစုပ်ကြခြင်း ဖြစ်သည်။

ခြင်ကျား အကိုက်မခံရအောင် ဆင်ခြင်နေထိုင်ခြင်း၊ ခြင်နှိမ်နင်းရေး ဆောင်ရွက်ခြင်းတို့ဖြင့် သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဇီကာတို့ကိုပါ ကာကွယ်ပြီးသားဖြစ်သည်။ ခြင်နှိမ်နင်းရေးဆောင်ရွက်ရာတွင် တစ်အိမ်တည်း၊ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ခြင်းက ထိရောက်မှုမရှိ၊ အောင်မြင်မှုမရနိုင်။ ရပ်ကွက်၊ ကျေးရွာလူထုညီညွတ်ဖို့၊ ကျန်းမာရေး အသိတရားရှိဖို့ လိုသည်။ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် တစ်ရပ်တစ်ရွာလုံး ပိုးလောက်လမ်းနှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) တို့ကို ဆောင်ရွက်ရမည်။ ခြင်မခိုနိုင်ရန်၊ မပေါက်ပွားနိုင်ရန် ရေတင်နိုင်သည့် အိုးခွက် ဟောင်း၊ ဘက်ထရီအိုးဟောင်း၊ တာယာဟောင်းတို့ကို ရှင်းလင်းမြေမြှုပ်ရမည်။ ရေစီးရေလာကောင်းအောင် ရှင်းလင်းခြင်း၊ ရေအိုင်တို့ကို မြေဖို့ ခြင်းတို့ ဆောင်ရွက်ရမည်။ ရေစည်၊ ရေကန်ကြီးများတွင်မူ ပိုးလောက်လမ်း ရှင်းလင်းရန် (အဘိတ်ဆေး) ခတ်ရမည်ဖြစ်သည်။

တစ်ဦးချင်းအနေဖြင့်လည်း ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်စသည်ဖြင့် လုံခြုံစွာဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ခြင်လုံဆန်ခါ တပ်ဆင်၍ ခြင်ကာကွယ်ခြင်း၊ ကလေးများ ခြင်ကိုက်မခံရအောင် ဆေးလိမ်းခြင်း စသည်တို့ဖြင့် ကာကွယ်ထားဖို့လိုသည်။ ခြင်ကိုက်မခံရပါက အထက်တွင် ဖော်ပြခဲ့သည့် ရောဂါတို့ ကူးစက်ခံရမည့် အလားအလာ လွန်စွာနည်းသည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ဦးချင်း ကျန်းမာရေးအသိတို့ဖြင့် ကူးစက်ရောဂါ တော်တော်များများ ကို ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း