ဆင်းကတ်များကို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ပြုလုပ်နိုင်မည့် နည်းလမ်းများ

 

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ ပြည်တွင်းမှ မိုဘိုင်းဆင်းကတ်များကို အသုံးပြုနေသူ အချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေသဖြင့် ဆင်းကတ်မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဆင်းကတ်များအသုံးပြုရာတွင် မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တို့ကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်ပြီးမှသာ အသုံးပြုကြရန်နှင့်  အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက ဆင်းကတ်များကို အပြီးပိတ်သိမ်း၍ လက်ကျန်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

 

သို့ဖြစ်၍ ပြည်တွင်းရှိ  ဆက်သွယ်ရေးအော်ပရေတာလေးခု၏ ဆင်းကတ်အမျိုးမျိုးကို သုံးစွဲနေသူများအနေဖြင့် မိမိတို့အသုံးပြုနေသော ဆင်းကတ်များသည် မှတ်ပုံတင်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ မိမိတို့အမည်မှန်၊ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်အမှန်များဖြင့် မှတ်ပုံ တင်ထားခြင်း ဟုတ် မဟုတ် စစ်ဆေးခြင်း၊   ဆင်းကတ်မှတ်ပုံတင် မလုပ်ရသေးပါက မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် မိမိတို့၏ အချက်အလက် အမှန်များနှင့် လွဲမှားနေပါက ပြင်ဆင်ခြင်းတို့ကို အော်ပရေတာအလိုက် အွန်လိုင်းမှတစ်ဆင့် အလွယ်တကူပြုလုပ်နိုင်မည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။

 

အက်တမ်(ATOM) ဆင်းကတ်များ

 

အက်တမ်ဆင်းကတ်များကို အသုံးပြုနေသူများအနေဖြင့် မိမိတို့ဆင်းကတ်၏ မှတ်ပုံတင်ထားသည့် အချက်အလက်များကို ကြည့်ရှုရန်အတွက် နံပါတ်  *979*3*3# သို့ ခေါ်ဆိုခြင်းဖြင့် စစ်ဆေးနိုင်မည်ဖြစ်သည်။ ဖုန်းခေါ်ပြီးပါက ဆင်းကတ်ကို မှတ်ပုံတင်ပြုလုပ်ထားသည့်  အမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်နှင့် အချက်အလက်များ မှားနေပါက ပြုပြင်နိုင်မည့် Link တို့ ပါဝင်သော မက်ဆေ့ဝင်လာ မည်ဖြစ်သည်။ ထို Link မှတစ်ဆင့်  ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၏ ရှေ့နှင့်နောက် ဓာတ်ပုံများ၊ နိုင်ငံခြားသားများဖြစ်ပါက ပတ်စပို့၏ ရှေ့နှင့်နောက်ဓာတ်ပုံများကို Scanလုပ်၍တင်ပေးခြင်းဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် အချက်အလက်အမှန်များ ပြင်ဆင်ခြင်းကို အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်သည်။

 

အက်တမ်စတိုး အက်ပလီကေးရှင်းကို အသုံးပြုနေသူဖြစ်ပါက အက်ပလီကေးရှင်းအတွင်းသို့ဝင်၍ Account မှတစ်ဆင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်အချက်အလက်များကို ကြည့်ရှုနိုင်ပြီး အချက် အလက်များမှားနေပါက ပြုပြင်ခြင်းကို အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်သည်။

 

mdn

 

MPT ဆင်းကတ်များ

 

MPT ဆင်းကတ်များကို အသုံးပြုနေသူများအနေဖြင့် မိမိတို့ ဆင်းကတ်၏ မှတ်ပုံတင်အချက်အလက်များကို နံပါတ် *601# သို့ ခေါ်ဆိုခြင်းဖြင့် စစ်ဆေးနိုင်မည်ဖြစ်သည်။ ခေါ်ဆိုပြီးပါက မိမိဆင်းကတ် ကို မှတ်ပုံတင်ထားသည့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အချက်အလက်မှားယွင်းနေပါက ပြုပြင်နိုင်မည့် Link တို့ ပါဝင်သော မက်ဆေ့တစ်စောင် ဝင်လာမည်ဖြစ်သည်။ ထို Link မှတစ်ဆင့် ဝက်ဘ်ဆိုက်သို့ဝင်၍ Profile သို့ ဆက်လက်ဝင်ရောက်ပြီးနောက် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်တို့ကို ဖြည့်စွက်ပြီး နိုင်ငံသား စိစစ်ရေးကတ်၏ ရှေ့နှင့်နောက် ဓာတ်ပုံနှစ်ပုံကို တင်ပေးခြင်းဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့် အချက်အလက်အမှန်များ ပြင်ဆင် ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

 

MPT4U အက်ပလီကေးရှင်းကို အသုံးပြုနေသူများအနေဖြင့်လည်း အက်ပလီကေးရှင်းအတွင်းမှ Profile သို့ဝင်၍ မိမိတို့၏ ဆင်းကတ် မှတ်ပုံတင် ချက်အလက်များကို ကြည့်ရှုနိုင်ပြီး အချက်အလက်များ မှားနေပါက ညွှန်ကြားချက်များအတိုင်း အဆင့်ဆင့် ပြုလုပ်သွားခြင်း ဖြင့် အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်သည်။

 

mdn

 

Mytel ဆင်းကတ်များ

 

Mytel ဆင်းကတ်များကို အသုံးပြုနေသူများအနေဖြင့် မိမိတို့ ဆင်းကတ်၏ မှတ်ပုံတင်အချက်အလက်များကို နံပါတ် *966# သို့ ဖုန်းခေါ်ဆို၍ ဝင်ရောက်လာသော Pop-up မက်ဆေ့တွင် နံပါတ် 6 (My account) နှင့် နံပါတ် 2 (My personal information) ကို ရွေးချယ်ပေးခြင်းဖြင့် မိမိဆင်းကတ်ကို မှတ်ပုံတင်ထားသည့်အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်နှင့် အချက်အလက်မှားယွင်းနေပါက ပြုပြင်နိုင်မည့် Link တို့ ပါဝင်သော မက်ဆေ့ကို ရရှိမည်ဖြစ်ကာ အချက်အလက်များ မှားနေပါက ထို Link မှတစ်ဆင့် ဝင်ရောက်၍ ပြုပြင်နိုင်မည်ဖြစ်သည်။

 

Mytel ၏ MyID အက်ပလီကေးရှင်းကို အသုံးပြုနေသူများအနေဖြင့် အက်ပလီကေးရှင်းထဲမှ SIM Update သို့ ဝင်ရောက်၍ လမ်းညွှန်ချက် များအတိုင်း ဆင်းကတ်မှတ်ပုံတင်ခြင်း သို့မဟုတ် အချက်အလက်များ ပြုပြင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ အချက်အလက်များကို Mytel က ၇၂ နာရီအတွင်း စစ်ဆေး၍ ပြန်လည်အတည်ပြုပေးမည် ဖြစ်သည်။

 

mdn

 

Ooredoo ဆင်းကတ်များ

 

အူရီဒူးဆင်းကတ်များကို အသုံးပြုနေသူများအနေဖြင့် မိမိတို့ ဆင်းကတ်၏ မှတ်ပုံတင်အချက်အလက်များကို နံပါတ် *666# သို့ ခေါ်ဆိုခြင်းဖြင့် စစ်ဆေးနိုင်မည်ဖြစ်သည်။ ခေါ်ဆိုပြီးပါက မိမိဆင်းကတ်ကို မှတ်ပုံတင်ထားသည့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်နှင့် အချက်အလက်မှားယွင်းနေပါက ပြုပြင်နိုင်မည့် Link တို့ ပါဝင်သော မက်ဆေ့ကို ရရှိမည်ဖြစ်သည်။ မှတ်ပုံတင်အချက်များ မှားယွင်းနေပါက ထို Link မှတစ်ဆင့် ဝင်ရောက်၍ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်များ ဖြည့်စွက်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်၏ ရှေ့နှင့်နောက်ဓာတ်ပုံများတင်ပေးခြင်းဖြင့် အချက်အလက်များကို ပြုပြင်နိုင်မည်ဖြစ်သည်။

 

အူရီဒူး၏ My Ooredoo အက်ပလီကေးရှင်းကို အသုံးပြုနေသူများအနေဖြင့်လည်း အက်ပလီကေးရှင်းအတွင်းမှ Register SIM သို့ ဝင်ရောက်၍ သတ်မှတ်လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်၏ဓာတ်ပုံများ တင်ပေးခြင်းဖြင့် အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

သတိပြုရန်

 

အော်ပရေတာ လေးခုလုံးအတွက် ဆင်းကတ်မှတ်ပုံတင် အချက်အလက်အမှန်များ ပြုပြင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဆောင်ရွက်နိုင်သော်လည်း သတိပြုရန်အချက်မှာ အထက်ပါနံပါတ်များကို ဖုန်းခေါ်၍ ရရှိလာသည့် Link များသို့ ဝင်ရောက်ရာတွင် သက်ဆိုင်ရာ အော်ပရေတာ၏ မိုဘိုင်းအင်တာနက်လိုင်းကိုဖွင့်၍ ဝင်ရောက်မှသာ အဆင်ပြေမည်ဖြစ်သည်။ ဥပမာဖုန်းတွင် ATOM နှင့် အခြားဆင်းကတ်တစ်ခုကို သုံးထားပြီး ATOM ဆင်းကတ်၏ မှတ်ပုံတင် အချက်အလက်များကိုပြုပြင်မည်ဆိုပါက ATOM ဆင်းကတ်၏ အင်တာနက်လိုင်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည်။ အခြားဆင်းကတ်၏ အင်တာနက်လိုင်း သို့မဟုတ် ဝိုင်ဖိုင်လိုင်းများကို အသုံးပြုပါက အဆင်ပြေနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဆင်းကတ်နှစ်ကတ် အသုံးပြုနေသူများအနေဖြင့် ဖုန်း၏ Setting ထဲမှ SIM Cards and Mobile Network မှ ဒေတာကတ်နေရာတွင် သက်ဆိုင်ရာဆင်းကတ် ကို ကြိုတင်ရွေးချယ်ပြီးမှ ပြုလုပ်ပါက လွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

 

ကိုစိုး