နိုင်ငံတကာသတင်းသုံးသပ်ချက်
ကိုရင်ဩ
ကျင်းပခဲ့ပြီးသော အမေရိကန်ရွေးကောက်ပွဲကြီးတွင် မရိုးမသားပြုမူသည့် မဲပေးမှုများရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ မိမိတို့ အထောက်အထားများကို တွေ့မြင် ရခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ များက ပြောကြားလိုက်စဉ်မှာပင် သမ္မတအဖြစ် ဂျိုးဘိုင်ဒင် ရွေးကောက်တင်မြှောက်ခံရခြင်းနှင့်ပတ်သက် ၍ အသိအမှတ်ပြုရန် ငြင်းဆန်နေကြသော ရီပတ်ဘလီ ကန်များသည် ဒီမိုကရေစီကို “အဆိပ်ခပ်” သူများဖြစ် ကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ရှူးမားက ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချလိုက်သည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ် ဖတ်ရှုရသောအခါ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးလောကကြီးတစ်ခု လုံးကို ခြိမ့်ခြိမ့်ချုန်းစေသည့် လွင့်စဉ်လာသော အသံဗလံ များကို နားစွင့်မိရင်း ပြိုင်ဖော်ပြိုင်ဘက် နိုင်ငံရေးပါတီကြီး နှစ်ပါတီအကြား ပွတ်တိုက်မှုများကို စေ့ငုလေ့လာမိလေ ၏။
၂၀၂၀ ပြည့်နှစ် “အိမ်ဖြူတော်” ရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံသမိုင်းတွင် သံသယပွားစရာ အလျဉ်းမရှိ ဘဲ ယုံကြည်စိတ်ချစရာ အကောင်းဆုံး ရွေးကောက်ပွဲဖြစ် သည်ဟု ရွေးကောက်ပွဲတာဝန်ရှိသူများက ပြောကြားကြ လျက် ရွေးကောက်ပွဲအတွင်း မသမာမှုများရှိသည်ဆိုသော သမ္မတ ဒေါ်နယ်ထရမ့်၏ အသည်းအသန်ပြောကြားနေမှု ကို ပယ်ချလိုက်ကြ၏။
ပြည်သူများ ပေးခဲ့ကြသော မဲပြားများ ပျောက်ဆုံး သွားအောင်၊ မဲပြားများ ရလဒ်ပြောင်းလဲသွားအောင်၊ မရိုး မသား နည်းလမ်းများဖြင့် မဲပေးနိုင်အောင် လုပ်ဆောင်ခဲ့ သည့် အပြုအမူများနှင့်ပတ်သက်၍ မိမိတို့ အထောက် အထားတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း အမေရိကန် ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၂ ရက်တွင် ဟောဟောဒိုင်းဒိုင်း ထုတ်ပြန်ကြေညာခဲ့၏။
မိမိအား ထောက်ခံမဲပေးသော မဲပြား ၂ ဒသမ ၇ သန်းကို ရွေးကောက်ပွဲဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခု က “ပယ်ဖျက်” ခဲ့သည်ဟု သမ္မတထရမ့်က စိတ်လှုပ်ရှား စွာဖြင့် “တွစ်တာ”မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး နောက် ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းချက်ပေးလိုက် ခြင်းဖြစ်သည်။
လက်ယာယိမ်း သတင်းချန်နယ်ဖြစ်သော One America News Network က ထုတ်လွှင့်ခဲ့သည့် သတင်း တစ်ပုဒ်ကို ကိုးကားလျက် ထရမ့်က ပြူးတူးပျာတာဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရုပ်မြင်သံကြားဌာနက ညွှန်းဆိုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ နည်းပညာကုမ္ပဏီမှာ “ဒိုမီနီယန် မဲပေးစနစ်များ” (Dominion Voting Systems) အမည်ရှိ ကနေဒါအခြေစိုက်ကုမ္ပဏီဖြစ်ပြီး အမေရိကန်ပြည်နယ် များတွင် ရွေးကောက်ပွဲ၌ အသုံးပြုသော ကွန်ပျူတာ ဆော့ဖ်ဝဲများ ထုတ်လုပ်သည့် ကုမ္ပဏီသုံးခုတွင် ပါဝင် သည်။
သန်းပေါင်းများစွာသော ပြည်သူများ မဲပေးရာတွင် လွယ်ကူချောမွေ့စေရန်လည်းကောင်း၊ သန်းပေါင်း မြောက်မြားစွာသော မဲပြားများကို မဲရုံမှူးများက ရေတွက်ရာတွင် လျင်မြန်သွက်လက်စေရန်လည်းကောင်း ကွန်ပျူတာဆော့ဖ်ဝဲများက အသုံးတည့်သည်။ အမေရိကန်ပြည်နယ်အများအပြားတွင် ‘ဒိုမီနီယန်’ ကုမ္ပဏီ၏ ဆော့ဖ်ဝဲကို အသုံးပြုပြီး နည်းပညာအကူ အညီဖြင့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများရှိခဲ့သည်ဟု ထရမ့်က အပီအပြင် စွပ်စွဲနေခြင်းဖြစ်သည်။
မီချီဂန်၊ ဂျော်ဂျီယာပြည်နယ်များ အပါအဝင် ပြည်နယ်များတွင် အဆိုပါဆော့ဖ်ဝဲကို အသုံးပြုခဲ့ကြပြီး ထရမ့်က ယင်းပြည်နယ်များ၏ မဲရလဒ်များနှင့်ပတ်သက် ၍ မကျေမချမ်း စောဒကတက်လျက်ရှိသည့်အပြင် မြောက်ကာရိုလိုင်းနားနှင့် နီဗားဒါးပြည်နယ်တို့တွင်လည်း မဲရလဒ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲတာဝန်ရှိသူ များကို စိန်ခေါ်လျက်ရှိလေသည်။
‘လက်ယာယိမ်း’ သတင်းဌာနများသည် မဲပေးစနစ် အရ အပြစ်အနာအဆာရှိနေပုံကို ညွှန်းဆိုကြလျက် ထရမ့် ရရှိခဲ့သောမဲများ အဖျက်ခံလိုက်ရသည်၊ ပြိုင်ဘက်၏ မဲရလဒ်အတွင်းသို့ ပေါင်းထည့်လိုက်သည် စသည်ဖြင့် စောဒက တက်နေကြဆဲဖြစ်သည်။
မဲရေတွက်မှုဆိုင်ရာ ပြဿနာများရှိနေသည်ဟု ထရမ့်က အတွင်တွင်ပြောနေသော်လည်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများကမူ သူ၏ ပြောဆိုချက်များ အခြေအမြစ်မရှိပါဟု တုံ့ပြန်ခဲ့ကြလေသည်။
ထရမ့်သည် ယခုအချိန်အထိ ရွေးကောက်ပွဲတွင် ဒီမိုကရက် ဂျိုးဘိုင်ဒင် ရွေးကောက်တင်မြှောက်ခံရခြင်း နှင့်ပတ်သက်၍ အသိအမှတ်ပြုဝန်ခံခြင်းမရှိသေးဘဲ လေတစ်လုံး မိုးတစ်လုံး ဟန်ရေးကြွယ်နေဆဲဖြစ်၏။
မည်သို့ပင်ဆိုစေ အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းရုပ်မြင်သံကြား သတင်းဌာနကြီးများအားလုံးတို့ က နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ခန့်မှန်းချက်များကို အခိုင်အမာ ထုတ်ပြန်ခဲ့ကြပြီးဖြစ်သည်။
သမ္မတ ထရမ့်နှင့် သူ့အား ထောက်ခံသူများသည် အမေရိကန်၌ ယုံကြည်လက်ခံမှုရရှိထားသော နည်းပညာ ကုမ္ပဏီများအနက် ‘ဒိုမီနီယန်’ ကုမ္ပဏီ၏ ဆော့ဖ်ဝဲကို အပြစ်ဖို့ကာ စွပ်စွဲပြစ်တင်ပြောဆိုနေကြလင့်ကစား ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် (အက်ဖ်အီးစီ) က ယင်း ပြောဆိုချက်များနှင့်ပတ်သက်၍ အထောက်အထားများကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရခြင်းမရှိဟု ဆိုသည်။
ထိုစဉ်အတွင်း အမေရိကန်၏ အထင်ကရ သတင်းဌာန ကြီးများက အရီဇိုးနားပြည်နယ်၌လည်း ဘိုင်ဒင်ကပင် အောက်ပွဲခံသည်ဟု မဲရလဒ်များကို တွက်ချက်၍ ကြိုတင် ဟောကိန်းထုတ်လိုက်ရာ ဒီမိုကရက် ဝိုင်းတော်သားများ ငြိုးငြိုးငြိမ့်ငြိမ့်ဖြင့် လက်မထောင်နေကြပေအံ့။
ဘိုင်ဒင်သည် အရီဇိုးနားပြည်နယ်တွင် အောင်ပွဲခံခြင်း ဖြင့် သမ္မတရွေးချယ်တင်မြှောက်သူများအဖွဲ့ (ဝါ) အီလက် တိုယယ် ကောလိပ်မဲ ၁၁ မဲ ထပ်တိုးရရှိကာ ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲ ၂၉၀ အထိ ထွေးပိုက်နိုင်ပေပြီ။ သမ္မတ ထရမ့်မှာမူ အလားတူမဲ ၂၁၇ မဲသာရရှိထားသည်။
ဒီမိုကရက်တို့၏ ‘ ပွင့်သစ်စ’ အောင်ပန်းပွင့်လင်းမြင်သာ ရှိလာချိန်မှာပင် သမ္မတထရမ့်၏ မာန်ဟုန်ပြင်းပြင်း စိန်ခေါ် ခြင်းအပေါင်းက နိုင်ငံတစ်နံတစ်လျားတွင် ပွက်လောရိုက် လာ၏။ မဲဆန္ဒရှင် ပြည်သူအပေါင်းမှာ ဘာများ ဆက်ဖြစ် နိုင်ပါအံ့နည်းဟု အတွေးဝင်ကာ မျက်လုံးလေးများ ကလယ် ကလယ်ဖြင့် တရားဝင်မဲရလဒ် ပေါ်ထွက်လာမည့်အချိန် ကို ငံ့လင့်စောင့်စားလျက်ရှိကြကုန်သည် ဖြစ်ရာ၏။
ထိုစဉ်အတွင်း အမျိုးသားလုံခြုံရေးအရာရှိဟောင်း ၁၅၀ ကျော်ပါဝင်သော အုပ်စုတစ်စုက အာဏာလွှဲပြောင်း ပေးအပ်ရေးဆိုင်ရာ အသွင်ကူးပြောင်းမှုကာလ နှောင့်နှေး ကြန့်ကြာနေရခြင်းကြောင့် နိုင်ငံတော်၏ အမျိုးသား လုံခြုံရေးကို အကြီးအကျယ်ထိခိုက်နိုင်ကြောင်း ဖော်ပြ သည့် စာတစ်စောင်ကို အထွေထွေလုပ်ငန်းများဌာန (General Services Administration) သို့ ပေးပို့ခဲ့သည် ဆို၏။
အဆိုပါဌာနမှာ အာဏာလွှဲပြောင်းပေးအပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ကိုင်တွယ်ရသော အစိုးရဌာနတစ်ခုဖြစ် သည်။ ဂျီအက်စ်အေဌာနသည် ဘိုင်ဒင်နှင့် သူ၏လက်ရုံး ဒုတိယသမ္မတလောင်း ကမ္မလာဟဲရစ္စတို့ ရွေးကောက်ပွဲ၌ အနိုင်ရရှိကြောင်း တရားဝင်အသိအမှတ်ပြုပေးရန် အဆိုပါစာတွင် ဖော်ပြထားသည်။
ထိုစဉ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ကြောင့် တုံဏှိဘာဝေ ဆိတ်ဆိတ်နေခဲ့သော တရုတ်နိုင်ငံ က ဘိုင်ဒင်နှင့် ဟဲရစ္စတို့ထံ ဂုဏ်ပြုဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
‘ရွေးကောက်ပွဲအခြေခံအဆောက်အအုံဆိုင်ရာအစိုးရ အဖွဲ့ ညှိနှိုင်းရေးကောင်စီ’ (Election Infrastructure Government Co-ordinating Council) သည် နိုဝင်ဘာ ၁၂ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရာ၌ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံ သမိုင်းတွင် လုံခြုံစိတ်ချရမှုအရှိဆုံး ရွေးကောက်ပွဲကြီး ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတစ်ဝန်းလုံး၌ ရွေးကောက်ပွဲတာဝန်ရှိသူများက မဲရလဒ်များနှင့်ပတ်သက် ၍ အပြီးသတ်ထုတ်ပြန်ခြင်းမရှိမီ ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ရပ်လုံးအပေါ် ပြန်လည်သုံးသပ်လေ့လာခြင်း၊ ဒုတိယမ္ပိ မဲရလဒ်များ စစ်ဆေးခြင်းကို ပြုလုပ်လျက်ရှိကြကြောင်း ဖော်ပြထားသည်။ အဆိုပါကောင်စီတွင် အမိမြေလုံခြုံရေး ဌာန၊ အမေရိကန်ရွေးကောက်ပွဲ အထောက်အကူပေးရေး ကော်မရှင်နှင့် ရွေးကောက်ပွဲလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲ ရသော ဖက်ဒရယ်အဆင့် အစိုးရတာဝန်ရှိသူများ ပါဝင်ကြသည်။
အခြေအမြစ်မရှိသော တောင်းဆိုမှုအများအပြားကိုလည်းကောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်း အလိမ်အညာများ ထုတ်လွှင့်မှုပြုလုပ်ရန် အခွင့်သာနေ ခြင်းကိုလည်းကောင်း မိမိတို့သိရှိပါကြောင်း၊ သို့ရာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံစိတ်ချ ရမှုနှင့် လိပ်ပြာသန့်မှုတို့အပေါ် မိမိတို့အပြည့်အဝယုံကြည် ပါကြောင်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထား သည်ဆို၏။
ယင်းပူးတွဲကြေညာချက်ကို အမိမြေလုံခြုံရေးဌာန အောက်ရှိ ဆိုင်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် လွှင့်ထားသည်။
အဆိုပါအေဂျင်စီသည် ရွေးကောက်ပွဲဆိုင်ရာ ကောလာဟလသတင်းများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်း နေစဉ်မှာပင် ယင်းအေဂျင်စီ၏ လက်ထောက်ညွှန်ကြား ရေးမှူး ဘရန်းဝဲသည် ‘ရိုက်တာ’ သတင်းဌာန၏အဆိုအရ အိမ်ဖြူတော်၏ ဖိအားပေးမှုအရ နိုဝင်ဘာ ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်ဟု သိရလေသည်။
မီချီဂန်ပြည်နယ်ရှိ စီရင်စုတစ်စုသည် ရီပတ်ဘလီကန် ပါတီဘက်သို့ ယိမ်းသည့်တိုင် မဲရေတွက်ပုံ မှားယွင်းခြင်း ကြောင့် ထရမ့်ရရှိသော မဲများစွာ ဆုံးရှုံးခဲ့ရသည်ဟုဆိုကာ ရွေးကောက်ပွဲမသမာမှုအဖြစ် သတင်းထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင်'လူသားအမှား'ကို အပြစ်ဆိုဖွယ်ရာ ဖြစ်သော်လည်း ကွန်ပျူတာ ဆော့ဖ်ဝဲလုပ်ဆောင်ချက် 'ကြောင်ခြင်း' မဟုတ်ပါဟု ပြည်နယ်ရွေးကောက်ပွဲတာဝန် ရှိသူများက ဝန်ခံပြောကြားခဲ့ကြသည်။
ယခုအချိန်တွင်မူ သမ္မတအဖြစ် ဘိုင်ဒင် ရွေးချယ် တင်မြှောက်ခံရခြင်းနှင့်ပတ်သက်၍ ရီပတ်ဘလီကန် ပါတီအတွင်း အသိအမှတ်ပြုလိုသူဦးရေ တစ်စစတိုးပွား လာနေသော်လည်း ကိန်းဂဏန်းအရ များပြားခြင်း မရှိသေးချေ။
သမ္မတထရမ့်၏ မဟာမိတ်အထက်လွှတ်တော် အမတ် လင်ဆေးဂရေဟမ်သည် ဘိုင်ဒင် ရွေးချယ်တင် မြှောက်ခံရခြင်းကို အသိအမှတ်ပြု ပြောဆိုသည့်အနေ ဖြင့် ထောက်လှမ်းရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာကို ဘိုင်ဒင်ထံ နေ့စဉ် တင်ပြသင့်သည်ဟု ပြောဆိုခဲ့သည်။ ယင်းမှာ အိမ်ဖြူတော်သို့ အသစ်ဝင်ရောက်လာမည့် သမ္မတလောင်းကို ထောက်လှမ်းရေးလျှို့ဝှက်အစီရင်ခံစာ ပေးလေ့ရှိသည့် အစဉ်အလာကို မပျက်ယွင်းစေရန် ဖြစ်၏။
ဂရေဟမ်၏ ပြောဆိုချက်ကို ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်များဖြစ်ကြသော ချပ်ဂရက် စလီ၊ ဂျွန်ကော်နင်နှင့် ဂျွန်သွန်းတို့က ထောက်ခံကြသော် လည်း အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် ကီဗင် မက္ကာသီကမူ “လတ်တလောတွင် ဘိုင်ဒင်သမ္မတ မဟုတ်သေးကြောင်း၊ မိမိတို့ စောင့်စားသင့်ကြောင်း” ပြောကြားခဲ့သည်။
ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလီကန်အမတ် ၁၀ ယောက်မှ အယောက် ၂၀ ခန့်မှာ ဘိုင်ဒင်ရွေးကောက် တင်မြှောက်ခံရခြင်းကို လက်ခံခဲ့ကြသည်။ သို့ရာတွင် ရီပတ်ဘလီကန်အများစုမှာမူ ဘိုင်ဒင် ရွေးကောက် တင်မြှောက်ခံရခြင်းနှင့်ပတ်သက်၍ ယခုတိုင်အောင် အသိအမှတ်ပြုကြခြင်း မရှိသေးပေ။
ရွေးကောက်ပွဲ မသမာမှုဟုဆိုသော သမ္မတ ထရမ့် ၏ အကြောက်အကန် ပြောဆိုမှုများဘက်မှ ဝါရင့် ရီပတ်ဘလီကန်များ ရပ်တည်နေကြခြင်းသည် မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို အောက်ခြေမှ တိုက်စားခြင်း ဖြစ်ကြောင်း သမ္မတဟောင်း ဘားရက်အိုဘားမားက အတိအလင်း ဝေဖန်ခဲ့၏။
အလားတူပင် အမေရိကန် အောက်လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင် လျက်ရှိသူ နန်စီပယ်လိုစီက ရီပတ်ဘလီကန်တို့သည် အမှန်တရားကို လက်ခံရန် ငြင်းဆန်လျက်ရှိကြသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဘိုင်ဒင် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ၎င်းတို့၏ ကိုယ်စား ပြောကြားပေးပါဟု မိမိ၏ လုပ်ဖော်ကိုင်ဖက် ရီပတ် ဘလီကန်အမတ်အချို့က မိမိအား တိုက်တွန်းခဲ့သည် ဟု ဒယ်လာဝဲပြည်နယ်၏ ဒီမိုကရက်တစ် အထက် လွှတ်တော်အမတ် ခရစ္စကွန်းက ပြောကြားခဲ့သည်။
ထိုနည်းတူပင် ရီပတ်ဘလီကန် နိုင်ငံရေးသမား များသည် ဒေါ်နယ်ထရမ့်ကို ကြောက်ရွံ့နေသောကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် တမင်သက်သက် သံသယ ပွားလျက်ရှိနေကြကြောင်း အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ချပ်ရှူးမားက ရှုတ်ချခဲ့သည်။
ထိုစဉ်အတွင်း ကွန်ဆာဗေးတစ် သတင်းဌာနများမှ သတင်းသမားများနှင့် လူဖြူလူမျိုးရေးအစွန်းရောက် ဝါဒီတို့က ရွေးကောက်ပွဲတွင် မသမာမှုများရှိခဲ့သည်ဟု ဆိုကာ ဆန္ဒပြပွဲများဖြစ်ပေါ်လာစေရန် ဝါဒဖြန့်လှုံ့ဆော် လျက်ရှိကြသည်။ ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေး၊ လူမျိုး ခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့အစည်းများကလည်း တန်ပြန် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြသည်။
ယခုအချိန်အထိ သူ့အရေးနိမ့်ပြီဟူ၍ ဝန်ခံခြင်း မရှိသေးသော သမ္မတ ထရမ့်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသေးဘဲ ဥပဒေကြောင်းအရ စိန်ခေါ်မှု များကို ပြုလုပ်လျက်ရှိသော်လည်း ရွေးကောက်ပွဲကြီး တစ်ခုလုံး၏ မဲရလဒ်ကို ပြောင်းလဲသွားစေနိုင်သော ဆိုးရွားလှသည့် မဲမသမာမှုများမရှိပါဟူ၍ ပြည်နယ် အသီးသီး၏ ရွေးကောက်ပွဲတာဝန်ရှိသူများက ပြောကြား ကြသည်။ လုပ်ငန်းထုထည်ကြီးမားလှသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ရလဒ်ထုတ်ပြန်ခါနီး အချိန်ရောက်မှ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေရပုံကို ကျွန်ုပ်တွေးတောမိရင်း “ဆင်ပြောင်ကြီး အမြီးတွင်တစ် ဟူတုံလစ်သို့” ဟူ၍ ကျူးရင့်မိပါ သတည်း။
REF:US Election Security Officials reject Trump's fraud claims (BBC)