ဆင်ပေါင်ဝဲ ၂၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နေခြည်ဦးက စာပေချစ်သူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်တက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည် Book Club အဖွဲ့ဝင်များက စာရေးဆရာမ ဒေါက်တာမတင်ဝင်း
ရေးသားသည့် “အလုပ်ဆိုတာ အင်အားပါ” စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ ဦးစောဝင်းငြိမ်းက “အလုပ်လုပ်သည့် နေရာတိုင်းတွင် လျော့ရဲသည့် အကျင့်မကျင့်မိပါစေနှင့်၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့”၊၊ ဦးမြင့်ကြည်က “ဆုမတောင်းရဘဲ ကံကောင်းတဲ့လူသားဖြစ်ချင်ရင် စေတနာကောင်းထားပြီး အလုပ်လုပ်ပါ၊ ကိုယ့်ကိုယ်ကို သစ္စာရှိပါ၊ သစ္စာရှိတဲ့သူဟာ ရဲရင့်တယ်။ ရဲရင့်ခြင်းဟာ အလုပ်အတွက် အားတစ်ပါးပဲ၊ အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် မှန်ကန်တဲ့သူအဖြစ် အများကလက်ခံအောင် ကြိုးစားပါ”၊ ဦးတင့်ဆွေက “အလုပ်ဆိုတာ အင်အားပါ၊ အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ၊ အလုပ်လုပ်ရာမှာ အောင်မြင်လိုရင် အများနှင့်ပြေလည်အောင် ဆက်ဆံတက်ပါစေ” အကြောင်းတို့ကို အခန်းလိုက်ခေါင်းစဉ်ပါစာစုများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများကလည်း ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေခြည် (ဆင်ပေါင်ဝဲ)


