ဆင်ပေါင်ဝဲ  မတ် ၂၀

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်‌ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီက ကျောင်းသားကျောင်းသူ လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေးအတွက် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အလေ့အကျင့်ကောင်းများ ပေါ်ထွန်းရေးနှင့် စည်းကမ်း လိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းပြည်ချစ်စိတ်ရှိ‌ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခိုင်စုစုကျော်က အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေး အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခိုင်စုစုကျော်က အားကစား ပစ္စည်းများ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။

 

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ လူငယ်များ စုစုပေါင်း ၃၅၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

နိုင်လင်း(မြို့နယ်ပြန်/ဆက်)