ဆင်ပေါင်ဝဲ ဩဂုတ် ၂၈

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၂၄၅၆၇၀၀၀ ဖြင့်​ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၄၆ ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၉၅ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆင်ပေါင်ဝဲမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် နှစ်စဉ် ဌာနခွင့်ပြုရန်ပုံ​ငွေ  ငွေလုံးငွေရင်းဖြင့်  မြို့ပြဖွံဖြိုးရေး လုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၃၂၄၅၆၇၀၀၀ ဖြင့် ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းလုပ်ငန်း (၂၁) ခုနှင့် တံတားလုပ်ငန်း (၆)ခု၊ မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်ရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း (၇)ခု၊ ယာဉ်၊ စက်ဝယ်ယူခြင်းနှင့် အခြားဖွံဖြိုးရေးလုပ်ငန်း (၁၂)ခု၊ စုစုပေါင်း မြို့ပြဖွံဖြိုးရေးလုပ်ငန်း (၄၆) ခုတို့ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုသြဂုတ်လကုန်တွင်  မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်များအား လုပ်ငန်းအရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ရပ်ကွက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀၀၀ ဖြင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းနှင့် အုတ်ရေမြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း သိရပြီး အဆိုပါဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှာလည်း ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးအောင်ကျော်မင်းထံမှ သိရသည်။

 

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)