ဆင်ပေါင်ဝဲ   ဒီဇင်ဘာ   ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်လွင်နှင့် တာဝန်ရှိသူများသည် ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာရှိ တောင်သူ ဦးစိန်မောင်း၏ စီးပွားဖြစ် ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဝက်ခြံ၏ ဖွဲ့စည်းတည်ဆောက်မှု စနစ်ကျနမှု ရှိ/မရှိ၊ ပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အနံ့ဆိုးများ ထွက်ရှိမှုရှိ/မရှိနှင့် ဝက်များအတွက် ကျန်းမာရေးအခြေအနေနှင့် ကာကွယ် ဆေးများ ထိုးနှံထားရှိမှုအခြေအနေ၊ အစာများအား စနစ်တကျကျွေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ပါက ပညာရှင်များနှင့်ပေါင်းစပ်ညှိနှိုင်း ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ စီးပွားဖြစ်မွေးမြူထားသော ဝက်များမှာ (ပက်ရှိုင်းယား၊ ဝိုင်၊ ဂျူး) စသည့် ဝက်အမျိုးအစားများ ဖြစ်ပြီး အကောင် ၇၀ ခန့်အား စနစ်တကျ မွေးမြူထားကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)