ဆင်ပေါင်ဝဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေများဖြင့် ချောင်းကောက်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်မှု လွယ်ကူအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၆၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၄ ဒသမ ၃ သန်း စုစုပေါင်းရန်ပုံငွေ ၁၉ ဒသမ ၃ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။
ချောင်းကောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၅၆၅ မှ လူဦးရေ ၂၃၀၆ ဦးတို့၏ လမ်းပန်းဆက်သွယ်မှု လွယ်ကူစေရေး အကျိုးပြုလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က ပြောသည်။
ငြိမ်းသူ


