ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ခံ ဒေါက်တာစိုင်းမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၁ ရက်က ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် ဆေးပစ္စည်းများ ဝယ်ယူသုံးစွဲသူပြည်သူများ၏ ဘေးကင်းလုံခြုံမှု ရရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ခံ ဒေါက်တာစိုင်းမင်းသူမှ ပြည်သူလူထုအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
 
နိုင်လင်း(မြို့နယ်ပြန်/ဆက်)