ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာဖြစ်သည့် မကြီးပင်ပုကျေးရွာအား စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာကော်မတီဝင်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း သတ္တမအကြိမ်အဖြစ် ဆင်ပေါင်ဝဲမြို့နယ် မကြီးပင်ပုကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူ အသင်းသား ၁၀၈ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၆၉ ဒသမ ၄ သိန်းကို ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက မိမိတို့ကျေးရွာ၌ နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပြ၍ သိရသည်။
သန်းလွင်(မကွေး)


