ဆင်ပေါင်ဝဲ   ၂၅   အောက်တိုဘာ  

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဝါးစေ့မြှောင်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီတို့ ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

1

 

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-Grid) အဖြစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာသည် အိမ်ခြေ(၁၂၀)၊ လူဦးရေ(၃၃၆၈)ရှိကာ မဟာဓါတ်အားလိုင်းနှင့် (၁၀)မိုင်နှင့်အထက် ဝေးကွေားပြီး လူမှုရေးခက်ခဲသည့် ကျေးရွာလေးတစ်ရွာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် မန္တလေးရိုးမ ကုမ္ပဏီတို့ပူးပေါင်းပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစားဓါတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပြသည်။

 

အဆိုပါ လယ်မကျေးရွ ာလျှပ်စစ်မီးရရှိရေးကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ) တို့မှ နည်းပညာ ပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP Off-grid)ဖြင့် အမေရိကန် ဒေါ်လာ (၃၀၇၉၂၇) အကုန်ကျခံကာ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် မန္တလေးရိုးမကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ဖြင့် ဆိုလာ ၇၀ ဒသမ ၄ ကီလိုဝပ်၊ ဂျင်နရေတာ ၆၀ ကေဗွီအေ ဆိုလာ-ဒီဇယ်ပေါင်းစပ်စနစ် အမျိုးအစားကို မန္တလေးရိုးမကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မီးလင်းရေးဆောင်ရွက်ပြီးစီပါက ကျေးရွာနေပြည်သူများအတွက် ၂၄ နာရီ လျှပ်စစ်ဓါတ်အား ရရှိမည်ဖြစ်ပြီး ယခင်ကထက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ကျေးရွာနေပြည်သူများထံမှ သိရသည်။

 

1

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း အဆိုပါ မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-Grid) ဆိုလာအသေးစား ဓါတ်အားပေး စနစ်ဖြင့် စပါးရင်းတွင်းကျေးရွာနှင့် လယ်မကျေးရွာတို့တွင် အချိန်ပြည့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။   

 

 

သန်းလွင်(မကွေး)