ဆင်ပေါင်ဝဲ     ၂၃ ဇန်နဝါရီ        


မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၊ စပါးရင်းတွင်းကျေးရွာ၌ ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့်လျှပ်စစ်မီးကို တစ်ယူနစ်လျှင်ငွေကျပ် ၄၀ဝ နှုန်းဖြင့် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

123


ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေး အတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဆင်ပေါင်ဝဲမြို့နယ် ရွှေပန်းတောကျေးရွာအုပ်စု၊ စပါးရင်းတွင်း ကျေးရွာတွင် အိမ်ခြေ(၁၇၂)အိမ်အနက် အိမ်ခြေပေါင်း(၁၅၇)အိမ်နှင့် ဘာသာရေးအဆောက်အအုံး နှစ်လုံး၊ စာသင်ကျောင်းတို့တွင် အချိန်ပြည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။ 


"အခုလို လျှပ်စစ်မီး အချိန်ပြည့်အသုံးပြုနိုင်တဲ့အတွက် ကျေးရွာရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းတွေ ယခင်ထက်ပိုမိုဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ ကျန်တဲ့ မီးမလင်းသေးတဲ့ အိမ်တွေကိုလည်း မကြာခင်မှာ မီးရရှိအောင် ဆောင်ရွက်သွားမယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းလမ်းမီးတိုင် ၁၀၅ ခန့်ကို သွယ်တန်းပေးထားပြီး ကျေးရွာတစ်ရွာလုံး လျှပ်စစ်မီး အသုံးပြုမှုတွင် အနည်းဆုံး ဝပ် ၂၀ဝ မှ အများဆုံး ၆၀ဝ၀ အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ယူ ဆောင်ရွက်သည့် မန္တလေးရိုးမကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ယခုလုပ်ငန်းအား ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်း ဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP Off-grid)ဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၅၀ ကီလိုဝပ်၊ ဂျင်နရေတာ ၆၀ ကေဗွီအေ ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစား ဖြစ်ကြောင်း သိရသည်။


သန်းလွင်(မကွေး)