မကွေး   ၁၆    မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မြို့နယ်အတွင်းရှိ သရက်အုပ်၊ အင်းမ၊ ကျွဲခြံ၊ လက်ပန်၊ နတ်ရွာ၊ စည်းတိုင်း(အလယ်ရွာ)၊ ကျောက်ဆောင်စမ်း၊ ဆင်မတောင်၊ မွှန်းစ၊ ဖိုလေးလုံး၊ ရွာပုလဲ၊ ဆင်မြူးအောင်၊ ညောင်လှ၊ ကျားထူးစမ်း စသည့် ကျေးရွာ(၁၄)ရွာတွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းခြောက်ခု၊ ကျေးရွာအတွင်း မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းလေးခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းသုံးခု၊ ၄၀၀ ဗို့ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း(၁၄)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး ပြောပြချက်အရ သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာ၌ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ခြောက်ခု၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ မြေနီ ကျောက်စရစ် လမ်းတစ်ခု၊ အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်းတစ်ခုနှင့် ကျေးရွာမီးလင်းရေးလုပ်ငန်းတစ်ခုတို့ကို   စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၇၃၀ သိန်း  စုစုပေါင်းငွေကျပ်  ၁၇၃၀ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)