ဆင်ပေါင်ဝဲ ဇွန် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြ ကျေးရွာများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး၊ မီးရရှိရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာများတွင် ဆောင်ရွက်ရန် ကနဦးလျာထားကြောင်း၊ အဆိုပါ ကျေးရွာများတွင် စီမံကိန်းဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များအား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူးနှင့် သင်တန်း နည်းပြများက ဂွေးချိုမြစိမ်းရောင်ကျေးရွာရှိ ကျေးရွာသူကျေးရွာသားများအား အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာသင်ခန်းစာများကို ဆွေးနွေးပို့ချသည်။
အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ဆင်ပေါင်ဝဲမြို့နယ် ဂွေးချို မြစိမ်းရောင်ကျေးရွာရှိ ကျေးရွာသူကျေးရွာသား(၈၀) အား တစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


