ဆင်ပေါင်ဝဲ   ၁၃  မေ

 

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေလ (၁၅) ရက်နေ့မှစ၍ မိုးသီးနှံချေးငွေများ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

တောင်သူများအတွက် မိုးသီးနှံ ချေးငွေများကို မေ ၁၅ ရက်မှ စက်တင်ဘာလအထိ ရာသီအလိုက် သီးနှံများ စိုက်ပျိုးနိုင်ရေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၊ ထုတ်ယူရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ၅ ပေအကွာ ထိုင်ခုံများထားရှိကာ လက်ဆေးဘေစင်များထားရှိပြီး စနစ်တကျ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်မော်စီထံမှ သိရှိရပါသည်။

 

ဆင်ပေါင်ဝဲ မြို့နယ်တွင် ၂၀၁၉ - ခုနှစ် စာရင်းအရ ရပ်ကွက်(၂)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၄၆)အုပ်စု ၊ တောင်သူဦးရေ (၁၄၁၃၇)ဦး ၊ စိုက်ဧက (၈၆၈၉၉) ဧကရှိပြီး (၉၄၈၁၈)သိန်း ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ပုံစံ(၇)ရရှိသူ ထပ်တိုးတောင်သူများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်သည် ။

 

ယင်းသို့ ထုတ်ချေးရာတွင် ၁ ဧကချေးငွေနှုန်းထားမှာ ၁၅၀ဝ၀ဝ နှုန်းဖြစ်ပြီး တောင်သူများ အတိုးနှုန်း သက်သာစွာ ရရှိခံစားနိုင်စေရန် ယခင်နှစ် ချေးငွေအတိုးနှုန်း ၁ နှစ် ၈ ရာခိုင်နှုန်း(အစား) ယခုချေးငွေမှစ၍ ၁ နှစ် ၅ ရာခိုင်နှုန်းသာ သတ်မှတ်ထားကြောင်း ၊ ချေးငွေဟောင်း ပေးဆပ်ပြီးသူများ ကိုသာ ချေးငွေသစ်ထုတ်ချေးမည်ဖြစ်ကြောင်း ၊ ကိုဗစ် - ၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နေသည့် ကာလဖြစ်၍ ချေးငွေပေးဆပ်သူများ အဆင်ပြေစေရန် ၂၀၁၉ မိုးချေးငွေ ပေးဆပ်မှုကိုလည်း ၂၀၂၀ ပြည့်နှစ် မေလအကုန်ထိလက်ခံမည်ဖြစ်ပြီး မေလကုန်ထိ ပေးဆပ်သူတောင်သူများကို ဒဏ်တိုး ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည် ။

 

 

ခန့်ဝင်း(ပြန်/ဆက်)