ဆင်ဖြူကျွန်း ၄ မတ်
မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသတစ်ခုဖြစ်သော ဆင်ဖြူကျွန်းမြို့အနီးတစ်ဝိုက်ကျေးရွာများတွင် စပျစ်သီးနှံကို စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလာသဖြင့် ဒေသခံတောင်သူအချို့ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းအဖြစ် စတင်စိုက်ပျိုးလာကြောင်း စပျစ်သီးနှံစိုက်တောင်သူများထံမှ သိရသည်။
"ကျွန်တော်တို့ ဒီဒေသမှာတော့ စပျစ်သီးနှံကို စိုစွတ်တဲ့ သဲနှုန်းမြေမှာ ရေသွင်းစိုက်ပျိုးပါတယ်၊ စပျစ်စိုက်ပျိုးမဲ့မြေကို မစိုက်မီခြောက်လလောက်ကြိုတင်၍ မြေညှိမြေပြင်ပြီး လိုအပ်တဲ့မြေဆွေး သစ်ရွက်ဆွေး စသည့်မြေဩဇာထည့်၍ နှပ်ထားရပါတယ်၊ စိုက်ခါနီးသောအခါမှ ၎င်းမြေကို ရေဖျန်းပေးကာ အထက် အောက်လှန်မြေဆွပြီး ပျိုးပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် ခြောက်ပေခန့်ခွာ၍ တွင်းငယ်များတူးပြီး စိုက်ပျိုးပါတယ်၊ စပျစ်ကို အစေ့မှဖြစ်စေ ကိုင်းဖြတ်၍ဖြစ်စေ အဖူးမြှပ်၍ဖြစ်စေ ပျိုးထောင်နိုင်ပြီး အပင်ပေါက်ပင်စည်မှအရွက်များဖြတ်၍ အညွှန့်တက်စေပြီး စင်ထိုးစိုက်ရပါတယ်၊ စင်ပေါ်ထောင်တက်လာတဲ့ အညွန့်ကိုအတက်ဖျားမှဖြတ်ပြီး မိမိလိုချင်သောအပင်ပုံ သဏ္ဌာန်ဖြစ်စေရန် ကိုင်းပွားရပါတယ်၊ စိုက်နည်း စနစ်ပေါ်မှုတည် အပင်နှစ် နှစ်သားမှလေးနှစ်သားအတွင်း အသီး စသီးပါတယ်၊ အရွယ်ရောက်ပြီး စပျစ်ပင်တစ်ပင်သည် ၄ လတစ်ကြိမ်အသီး ဆွတ်ရလေ့ရှိပြီး အသီးအထွက်နှုန်းကောင်းစေရန် ခေါင်နှိမ်ခြင်း၊ ကိုင်းဖြတ် ကိုင်းပွားခြင်း၊ မလိုအပ်သော နွယ်ငုတ်တိုများရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ရကြောင်း" ချောင်းဖြူကျေးရွာမှ စပျစ်စိုက်ပျိုးသူ ဦးထွန်းထွန်းနိုင်မှ ပြောသည်။
ဆင်ဖြူကျွန်းဒေသတွင် စပျစ်ကိုရာသီဥတုနှင့်ကိုက်ညီသည့် အစေ့သေးချိုသောမျိုးများကို အဓိကထား စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်ရေ ၃၅၀ မှ ၃၇၀ ထိစိုက်ပျိုးနိုင်ကြောင်း၊ စပျစ်ပင်တစ်ပင်လျှင် ၂ ပိဿာမှ ၄ ပိဿာထိထွက်ရှိပြီး တစ်ဧက ကျပ်သိန်း ၂၀ ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အလုံးအကြီးအသေးပေါ် မူတည်၍ ဒေသပေါက်ဈေး ၁ ပိဿာကို ကျပ် ၄၀ဝ၀ မှ ကျပ် ၆၀ဝ၀ ထိဈေးကောင်းရကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)


