ဆင်ဖြူကျွန်း ၂၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ဒေသတစ်ဝိုက် ဖြတ်သန်းစီးဆင်းလျက်ရှိသော စလင်းချောင်းရိုး တစ်လျှောက် နုန်းတင်မြေနု ကွင်းပြင်များနှင့် ဧရာဝတီမြစ်ကမ်းဘေး ကိုင်း၊ ကျွန်းမြေများတွင် ဒေသခံတောင်သူများမှ ဆောင်းသီးနှံအဖြစ် အာလူးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံအာလူးစိုက် တောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ဒီဒေသမှာတော့ အာလူးစိုက်ပျိုးမည့်မြေကို နိုဝင်ဘာလဝတ်လောက်မှစ၍ မြေညှိထယ်ရေးပြင်၊ ပေါင်း ရှင်းလင်းခြင်းလုပ်ငန်းများ စတင်ဆာင်ရွက်ပြီး ပထမ ခံရေသွင်းပါတယ်၊ ရေသွင်းပြီး တစ်ပတ်အတွင်း မျိုးအာလူးများကို စစိုက်ပါတယ်၊ စိုက်ပျိုးပြီး (၃)ရက်အတွင်း စိုက်ကြောင်းပေါ်ကို ထွန်ခွ၍ သံဓားထိုး ရေလမ်းကြောင်းဖော်ကာ ရက်(၂၀)အတွင်း အပင်ပေါက် ပေါ်အောင် ရေ (၂)ကြိမ် ထပ်သွင်းပါတယ်၊ အပင်ပေါက် တစ်လသားအရွယ်မှာ လိုအပ်သော မြေဩဇာသုံး၊ ဆေးဖြန်း၊ ပေါင်းရှင်းလင်း၍ အာလူးအပင်ပေါက် နှစ်လခွဲထိ (၁၀)ရက်ခြား ရေ (၇)ကြိမ်သွင်းပြီး ရေဖြတ်ပါတယ်၊ ဒီနောက်မှာတော့ စစိုက်ရက်မှ (၉၅) ရက်အတွင်း အာလူးများကို တူးဖော်၍ ဈေးကွက်များသို့ တင်ပို့ရောင်းချပါတယ်” ဟု နတ်စင်ကျေးရွာမှ အာလူးစိုက်တောင်သူ ဦးသန်းအေးမှ ပြောသည်။
ဆင်ဖြူကျွန်းဒေသတွင် အများအားဖြင့် မားကီး(နယ်သာလန်)၊ အိန္ဒိယပန်းဖြူ(ကူဖီဂျူတီ)၊ တရုတ်အာလူးမျိုး စသည့် မျိုးကောင်း မျိုးသန့်များကို ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ တရုတ်ပြည်နယ်စပ်နှင့် ရန်ကုန်မြို့များမှ မှာယူစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးအာလူး ပိဿာချိန် ၆၅၀ မှ ၇၀၀ ထိ တန်းဝင်စိုက်ပျိုးနိုင်၍ တစ်ဧကအထွက်နှုန်း ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ ထိထွက်ရှိကြောင်း သိရသည်။
မားကီး(နယ်သာလန်) မျိုးအာလူးမှာ တစ်ဧကစိုက်ပျိုးစရိတ် ကျပ် ၂၂ သိန်းဝန်းကျင် ကုန်ကျ၍ အိန္ဒိယပန်းဖြူ(ကူဖီဂျူတီ)မှာ တစ်ဧကစိုက်ပျိုးစရိတ် ကျပ် ၂၀ သိန်းနှင့် တရုတ်မျိုးမှာ ကျပ် ၁၇ သိန်းခန့် ကုန်ကျကြောင်း ဒေသခံ အာလူးစိုက် တောင်သူကြီးများက ပြောသည်။
ယခင်နှစ်က မားကီးအာလူး တစ်ပိဿာလျှင် ကျပ် ၉၀၀ မှ ၁၁၀၀ ထိ၊ အိန္ဒိယပန်းဖြူ တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၇၀၀ ထိ၊ တရုတ်အာလူးကို တစ်ပိဿာလျှင် ကျပ် ၄၀၀ မှ ၆၅၀ ထိ ဈေးရရှိခဲ့ပြီး မန္တလေး၊ ကျောက်ပန်းတောင်း၊ မိထ္တီလာနှင့် ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချပြီး ယခုနှစ် ဆင်ဖြူကျွန်းဒေသတွင် အာလူးကို ဧက ၁၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)