နေပြည်တော် မေ ၂၂

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်  ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော်(အထီး)ကလေး  “ရနန္ဒက”သည် မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့်ရှိပြီး ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာ ကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။          

 

ဆင်ဖြူတော်လေးသည် ယခုအချိန်တွင် အသက် ၁၀ လသား အရွယ်ဖြစ်ပြီး အရပ်အမြင့် ၃ ပေ ၇ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၅၅၀ ပေါင် ရှိလာပြီဖြစ်ကာ  ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူ တော်ဆောင်တွင် မိခင်ဆင်မ ကြီးနှင့်အတူရှိနေကြောင်း၊ ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ငယ်စဉ်ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)